Friday, April 29, 2016

လေးပြင်းဒဏ်ခံ ကချင်စစ်ပြေးဒုက္ခသည်စခန်းများကို ကူညီမှု အကောင်ထည်မဖော်နိုင်သေး


လေပြင်းဒဏ် ဒုတိယအပြင်းဆုံး ခံခဲ့ရသည့် ဘွမ်စစ်ပါ ကချင်စစ်ပြေးဒုက္ခသည်စခန်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်နားအနီးမှာရှိတဲ့ ကချင်ဒုက္ခသည်စခန်း ၈ခုမှာ ဧပြီလ ၁၉ ရက်နေ့က လေပြင်းတိုက်ခိုက်ခဲ့လို့ အိုးအိမ်တွေပျက်စီးကာ ခက်ခဲကြုံနေရပေမဲ့လည်း အကူအညီအတွက် တစုံတရာ လက်တွေ့အကောင်ထည်ဖော်လာတာမျိုး မရှိသေးကြောင်း သိရပါတယ်။

လေပြင်းဒဏ်ခံရတဲ့စခန်း ၈ ခုကတော့ ဖရဲ (Hpre) ၊ နယ်ခြားမှတ်တိုင် ၆ (masat shadaw 6)၊ နယ်ခြားမှတ်တိုင် ၈ (masat shadaw 8)၊ ဇိုင်းအောင် (Zai Awng)၊ မဂါးယန် (Maga Yang)၊ ပါဂျောင် (Pa Jau)၊ လနဇွပ် (lana Zup)၊ ဘွမ်စစ်ပါ (Bumtsit Pa) တွေဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတွေက မိုးကာ ယူနစ် ၅၀၀ ကျော်၊ စာသင်ကျောင်းဆောင် ၅ ခု၊ ဘော်ဒါဆောင် ၃ ခု၊ ကော်မတီ ရုံး ၂ခု၊ အိမ်သာ အလုံး ၇၀ ကျော် ကလေးမူကြိုအိမ် ၃ ခု နဲ့ ကျောင်းဆရာဆောင် တွေ ဖြစ်ပါတယ်။

အဲဒီထဲက အိမ်ခြေ ၂၆၀ ကျော်နဲ့ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်သွားတဲ့ မဂါးယန် စစ်ပြေးဒုက္ခသည်စခန်းမှာတော့ ကူညီပေးဖို့တစုံတရာသေချာတဲ့အဖြေမရသေးဘူးလို့ မဂါးယန်စခန်း ရုံးအုပ် ဦး ဘောက်နော် (Slg. Bawk Naw)က ပြောပါတယ်။

“အဲဒီကျောင်းတွေကို ပြန်ဆောက်ပေးသွားတဲ့ NGO တွေကို ကျနော်တို့တင်ပြထားတာရှိတယ်။ KIO ဒီ စစ်ပြေးဒုက္ခသည် စည်းရုံးရေးကော်မတီပေါ့ IRC ကိုလည်း ကျနော်တို့ပြောထားတာရှိတယ်။ ဒါပေမယ့် ဒီအချိန်ထိတော့ အဖြေတော့ မရသေးဘူး။”

အပျက်အစီးအများဆုံးဖြစ်သွားတဲ့စခန်းတွေမှာ မဂါးယန်အပြင် ဘွမ်စစ်ပါ၊ နယ်ခြားမှတ်တိုင် ၈ တွေလည်းဖြစ်ပါတယ်။

ဇိုင်းအောင် စစ်ပြေးဒုက္ခသည်စခန်းမှာဆိုရင်လည်း ပျက်စီးသွားတဲ့ စာသင်ကျောင်းနဲ့ နေအိမ်တွေကို အကူညီမရသေးလို့ ဒုက္ခသည်တွေကိုယ်တိုင် တတ်နိုင်သလောက် ပြန်ပြင်နေရတယ်လို့ ဇိုင်းအောင်စခန်းက KIO အုပ်ချုပ်ရေး-ဆဒုံးမြို့နယ် အမျိုးသမီးအဖွဲ့ကော်မတီ အတွင်းရေးမှုး ဒေါ် ရွယ်ဆိုင်း (Slg. jan Roi Seng) က ပြောပါတယ်။

“ကလေး စာသင်ကျောင်းတွေ ပျက်စီးတာကကျတော့ ဒီလိုပဲ မပြင် မပြုမပြင်ဘဲနဲ့ ဒီလိုပဲထားရသေးတယ်။ ပြီးလို့ရှိရင် ကျောင်းတွင်းက ပစ္စည်းလေးတွေ ကျောင်းတွင်းကရိယာတွေလည်း တော်တော်ပျက်စီးသွားတယ်။ နည်းနည်းပါးပါး လုပ်နိုင်တဲ့ အိမ်လေးတွေကျတော့ ရွာသားတွေဝိုင်းဝန်းကူညီပြီးတော့မှလေ အမိုးလေးတွေ ပြန်ဖာထည်းပြီးမှလေ အဲသလို ဖြစ်သလိုပဲ နေကြတယ် ရှင့်။ သွပ်မိုးလေးတွေကလေ လွှင့်သွားတော့ တချို့က ရှာလို့ မတွေ့ဘူး။ အဲဒါတွေကျတော့ သူတို့ အိမ်နီးနားချင်းတွေမှာ ဖြစ်သလို ခိုကပ်နေကြရတယ်။”

ဒါပေမယ့်လည်း လေပြင်းဒဏ်ခံခဲ့ရတဲ့ စစ်ပြေးဒုက္ခသည်များရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ကတော့ အတတ်နိုင်ဆုံး အကူညီပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ကချင်စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီရဲ့ အတွင်းရေးမှုး ဦးဇော်ရော် (Salang kaba Zau Raw) က အခုလိုပြောပါတယ်။

“ဒေသခံ မူရင်းအဖွဲ့အစည်းတွေ နောက်ပြီးတော့မှ ပြည်သူဆိုင်ရာ ကူညီရေးအဖွဲ့အစည်းတွေလည်း အခုကူညီဖို့ ဒီလိုမျိုးဖြစ်သွားတဲ့ဟာတွေကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ ဆွေးနွေးနေတဲ့အကြောင်း သိရပါတယ်။”

အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေရဲ့ ၂၀၁၁ တစ်ကျော့ပြန်တိုက်ပွဲကြောင့် ကချင်ပြည်သူ ၁ သိန်းကျော်ဟာ စစ်ပြေးဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရတာဖြစ်ပြီး လာမဲ့ဇွန်လဆိုရင်တော့ ငါးနှစ်ပြည့်တော့မှာလည်း ဖြစ်ပါတယ်။


0 comments:

Post a Comment