Wednesday, April 27, 2016

အစိုးရ တပ်မ ၉၉ နှင့် KIA တပ်မဟာ ၆ ဖောင်းဆိုင် တွင် တိုက်ပွဲ ပြန်ဖြစ်


ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၆ ဖောင်းဆိုင်ဒေသ

ရှမ်းပြည်နယ်မြောက်ပိုင်း ဖောင်းဆိုင် (Hpawng Seng) အနီး အစိုးရတပ်မ ၉၉ နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ပါသည်။

ဧပြီ ၂၆ ယမန်နေ့ ညနေပိုင်း ၄ နာရီခန့်တွင် အစိုးရတပ်မ ၉၉ စစ်ကြောင်း ဖောင်းဆိုင် (Hpawng Seng) မှ မုန်းကိုး (Munggu)ဒေသ သို့ ထွက်လာခိုက် KIA တပ်ရင်း ၃၈ နှင့် အချိန်ခဏကြာ တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA တပ်မဟာ ၆ ထိပ်ပိုင်း အရာရှိတဦးမှ ကချင်သတင်းဌာန KNG ကိုပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် တစ်ဖက်နှင့် တစ်ဖက် သတိနှင့်စောင့်နေကြည့် နေသည်မှာ ယခုချိန်ထိဖြစ်ကြောင်း သိရပါသည်။

ဧပြီ ၂၁ ရက် မနက်ကလည်း နှစ်ဖက်တပ်ဖွဲ့ကြား ဖောင်းဆိုင်အနီး နောင်ဂျန်း (Nawng Jang)နှင့် မန်ယန် (Man Yang) လမ်းခွတွင် တစ်နာရီခန့် တိုက်ပွဲဖြစ်ခဲ့ပြီဖြစ်သည်။

လွန်ခဲ့သည့် သုံးရက်ကလည်း အစိုးရတပ်နှင့် KIA တို့၏ တိုက်ပွဲများသည် ကချင်ပြည်နယ်တွင်း တာလောကြီး အနီး ရထားလမ်းနှင့် မိုးညှင်း ဒေသတို့တွင် ဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်း KIA တပ်ရင်း ၁၄ နမ်ဘယူ (Nambyu)ဘက် တွင်လည်း စစ်ရေးအခြေအနေ တင်းမာလာနေကြောင်း ကချင်သတင်းဌာန KNG စုံစမ်း သိရှိရပါသည်။

ပြည်သူ ရွေးကောက်တင်မြောက်တဲ့ အရပ်သား အစိုးရသစ် လက်ထက်တွင် အစိုးရတပ်မှ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်နေမှုကြောင့် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်ကြောင်း ကချင် အမျိုးသားအစည်း အရုံး KNO က ဧပြီ ၂၄ တွင် သတိပေး ထုတ်ပြန်ခဲ့ပါသည်။


0 comments:

Post a Comment