Thursday, April 14, 2016

ကချင်ပါတီ ၃ ခု ပေါင်းစည်းရေး ရှေ့တလှမ်း တက်


KDP-ဥက္ကဌ ဦးအောင်ခမ်း(ဘယ်) KSDP-ဥက္ကဌ Dr.Tu Ja (အလယ်),KNCD-ဒုဥက္ကဌ Dr. Aung dun (ညာ)

ကချင်ပါတီ ၃ ခု ပေါင်းစည်းရေး ရှေ့တလှမ်း တက်လာခြင်း အနေဖြင့် ရံပုံငွေ ရှာဖွေရေး ဆပ်ကော်မတီ ကို ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဖွဲ့ဝင် ၇ ဦးပါဝင်သည့် ရံပုံငွေ  ရှာဖွေရေး ဆပ်ကော်မတီ ကို ဧပြီ ၉ ရက် မြစ်ကြီးနား ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP ရုံးချုပ်တွင် ပထမဆုံးပြုလုပ်သည့် ပါတီပေါင်းစည်းရေး အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ရည်ရွယ်ချက်မှာ အစိုးရနှင့် ဆက်နွယ်ခြင်း မရှိသည့် ကချင်ပါတီ ၃ ခု KSDP၊ ကချင် ဒီမိုကရက်သစ် ပါတီ KDP နှင့် ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ရက်ပါတီ KNCD တို့၏ ပါတီပေါင်းစည်းရေး လုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်သည့် ငွေကြေးများကို ရှာဖွေရန်ဖြစ်သည်။

ပထမ အဆင့် အနေဖြင့် ပါတီ ၃ ခုမှ ရံပုံငွေ ရှာဖွေရေး ဆပ်ကော်မတီ သို့ ကျပ်ငွေ ၅သိန်း စီ ပေးအပ်ရန် စနေနေ့က ပြုလုပ်သည့် အလုပ်အမှုဆောင် ကော်မတီ အစည်းဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း KDP ခေါင်းဆောင် ဦးကွမ်ဂေါင်အောင်ခမ်း ပြောသည်။

KSDP၊ KDP နှင့် KNCD ပါတီ ခေါင်းဆောင်များသည် ဧပြီ ၂ ရက်နေ့ မြစ်ကြီးနား ဒူကထောင် KDP ရုံးချုပ် အစည်းဝေးတွင် ပါတီ ၃ ခု ပေါင်းစည်းရန် ‘မူ’ အရ သဘောတူခဲ့ပြီး အလုပ် အမှုဆောင် ကော်မတီ ကိုလည်း ယင်းနေ့တွင်ပင် ဖွဲ့စည်းခဲ့ပါသည်။

ယမန်နှစ် ၂၀၁၅ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒု ဥက္ကဌ အဆင့် (၂) (ငြိမ်း) ဒေါက်တာမနမ်တူးဂျာ ဦးဆောင်သည့် KSDP ပါတီသည် ပြည်နယ်လွှတ်တော် ၃ နေရာ နှင့် ပြည်သူ့လွှတ်တော် ၁ နေရာ အနိုင်ရရှိခဲ့သည်။ ကျန်ပါတီ ၂ ခုမှာ တစ်နေရာမှ အနိုင်ရရှိခဲ့ခြင်း မရှိပေ။

ရွေးကောက်ပွဲ မတိုင်ခင် ကတည်း ကလည်း ကချင်ပါတီများ ပေါင်းစည်းရန် ကချင် လူထုအသံ ဖော်ဆောင်ရေး အဖွဲ့ (ဖားကန့်မြို့နယ်)မှ ဆရာ လမောင်လတောင် ဦးဆောင်၍ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးပွဲများ စီစဉ် ပြုလုပ်ပေးခဲ့သည်။ သို့သော်လည်း KDP ပါတီမှတပါး ကျန်ပါတီ ၂ ခု မပါဝင် လာသောကြောင့် ပါတီပေါင်းစည်းရေး မဖြစ်နိုင် ခဲ့ခြင်းဖြစ်သည်။

ယခု ပါတီများ ပြန်လည် ပေါင်းစည်းရေးကို ‘မူ’ အရ သဘောတူညီကြပြီး လက်တွေ့ လုပ်ဆောင်လာခြင်းကို ပြည်သူများမှ အားပေး ထောက်ခံကြသည်ကို မြင်တွေ့နေရပါသည်။


0 comments:

Post a Comment