Tuesday, April 19, 2016

လေပြင်းကြောင့် တရုတ်နယ်စပ် ကချင် ဒုက္ခသည်စခန်း ပျက်စီးမှု များ


မဂါယန် စစ်ပြေးဒုက္ခသည်စခန်း လေပြင်းကြောင့် ပျက်စီးနေပုံ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ် အနီး မဂါးယန် စစ်ပြေးဒုက္ခသည်စခန်း (Maga Yang IDP camp) တွင် ယနေ့ မွန်းလွဲပိုင်း၂ နာရီခန့်က ရုတ်တရက် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် အများအပြား ပျက်စီး သွားသည်။

တိုက်ခတ်ချိန် နာရီဝက်ခန့် တွင် စခန်းအတွင်းရှိ စာသင်ကျောင်းတစ်ခု၊ ဆေးရုံတစ်ခု၊ ဘုရားကျောင်းတစ်ခု၊ စခန်းအုပ်ချုပ်ရေးရုံး ၂ ခု၊ ကလေး မူကြို ကစားအိမ် ၁ ခု၊ စခန်းဝန်ထမ်းများ နေအိမ် ၂ ခု နှင့် စုစုပေါင်း လူနေအိမ် ၂၆၃ ခု ပျက်စီးသွားကြောင်း ယင်း စခန်းတာဝန်ခံ ဦး လဆန်ဘရန်ဆိုင်း (Slg. Lasang Brang Seng)မှ ကချင်သတင်းဌာန KNG ကိုပြောပါသည်။

အဆောက်အဦးများ ပျက်စီးမှုရှိသော်လည်း စခန်းရှိလူများတွင် ကြီးမားသော ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း စခန်းတာဝန်ရှိသူက ပြောပါသည်။

ယင်းစခန်းတွင် နေအိမ် စုစုပေါင်း ၆၀၇ အနက် ၂၆၀ ကျော်သည် လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည်။

မဂါးယန် IDPs camp သည် ဝိုင်းမော်မြို့နယ် တရုတ် နယ်စပ် မိုင်တိုင် အမှတ် ၈၊ ကန်ပိုင်တီ တရုတ်-မြန်မာ နယ်စပ် ဂိတ် အောက်ပိုင်း တွင်တည်ရှိပြီး လူဦးရေ ၃၀၀၀ ကျော် ခိုလှုံနေသော ကချင် စစ်ပြေး ဒုက္ခသည်စခန်း တစ်ခု ဖြစ်ပါသည်။


0 comments:

Post a Comment