Monday, April 25, 2016

ဆန္ဒပြပွဲဖြင့် ကချင် အမျိုးသားများ မူးယစ် တိုက်ဖျက်ရေး နေ့ ကျင်းပ


၂ နှစ်ပြည့် ကချင်အမျိုးသားများမူးယစ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မြစ်ကြီးနားမနောကွင်းတွင် ဝတ်ပြုနေစဉ်

ကချင်အမျိုးသားများ၏ ‘ဘုံရန်သူ’ အဖြစ် သတ်မှတ် ချေမှုန်းနေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ယနေ့ ဧပြီ ၂၅ ကချင်ဒေသ အသီးသီးတွင် လမ်းလျှောက်ဆန္ဒပြလျှက် ဝတ်ပြု ဆုတောင်းခဲ့ကြပါသည်။

အစီစဉ်ကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အစိုးရထိန်းချုပ်ရာ ဒေသများနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်သည့် ဒေသများတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ကချင် ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် မနက်လမ်းလျှောက်ဆန္ဒပြ ကြွေးကြော်သည့် အစီစဉ်အပြီး မနောကွင်းတွင် ဝတ်ပြုကိုးကွယ်သည့် အစီစဉ်ကို ပြုလုပ်ခဲ့ပါသည်။

မြစ်ကြီးနား ဆန္ဒပြသူများက “ဘိန်းစိုက်ပျိုးသူ ဒို့ရန်သူ ဒို့ရန်သူ”… “မူးယစ်ဟူသမျှ ဒို့ဖယ်ရှား ဒို့ဖယ်ရှား”… “ကချင်ပြည်တွင်း မူးယစ်ဆေးဝါး ကင်းစင်ရေး ဒို့အရေး ဒို့အရေး” စသည်ဖြင့် ကြွေးကြော်ခဲ့ကြပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ဆန္ဒပြသူများက “ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ဒို့အရေး ဒို့အရေး”… “မူးယစ်ဆေးဝါး ထုတ်လုပ်မှု ပပျောက်ရေး ဒို့အရေး ဒို့အရေး”… “မူးယစ်ဆေးဝါး လက်လီလက်ကား ရောင်းချမှု ပပျောက်ရေး ဒို့အရေး ဒို့အရေး” စသည်ဖြင့် ကြွေးကြော် ဆန္ဒပြခဲ့ကြပါသည်။

မြန်မာပြည်တွင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်သည် ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်သောနေရာဖြစ်ပြီး ကမ္ဘာတွင် မြန်မာသည် အာဖဂန်နစ္စတန် နိုင်ငံပြီးနောက် ဘိန်းဒုတိယအများဆုံး စိုက်ပျိုးနေသောနေရာဖြစ်ပါသည်။

ကချင်အမျိုးသားများ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ကို ၂၀၁၄ မှ သတ်မှတ် ကျင်းပလာခြင်းဖြစ်ပြီး ကချင် အသင်းတော်ကြီးများနှင့် ကချင်လူမှုအဖွဲ့အစည်းများ ပူးပေါင်းပါဝင် ဦးဆောင်၍ မိမိကျေးရွာ ရပ်ကွက်များတွင် ‘Pat Jasan’ အမည်ဖြင့် ကော်မတီများ ဖွဲ့စည်းကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

အကျိုးရလဒ်အဖြစ်၂ နှစ်သာအချိန်တွင် မူးယစ်ဆေးဝါးနှင့်ဆိုင်သော ပညာပေးလုပ်ငန်းများ၊ မူးယစ် ရောင်းဝယ်သူများအား ဖမ်းဆီး အရေးယူမှုများ၊ သုံးစွဲသူများကို ဘိန်းဖြတ်ပေးသည့် လုပ်ငန်းနှင့် ဘိန်းခင်းများ ဧက ထောင်ပေါင်းများစွာ ကိုလည်း ရှင်းလင်းနိုင်ခဲ့သည့်အပြင် အခြားအောင်မြင်မှုများလည်း ရရှိနေကြောင်း ယနေ့ မနောကွင်းတွင် ပြုလုပ်သည့်အခမ်းအနားတွင် မြစ်ကြီးနား လူထု မူးယစ် တိုက်ဖျက်ရေး ခေါင်းဆောင် ဒူဝါ တူးရော်မှ ပြောခဲ့ပါသည်။

သို့သော်လည်း တနိုင်းဟူးကောင်းချိုင့်ဝှမ်းဒေသ လူထု မူးယစ် တိုက်ဖျက်ရေး အစီစဉ်တွင် ဘိန်းခြံပိုင်ရှင်များ၏ တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် မိုးကောင်းမြို့နယ်မှ ယောသပ်တူးစိုင်း သည် ယခုနှစ်ဆန်းပိုင်းက အသက်ပေးခဲ့ရပြီ ဖြစ်သည်။ ထို့အပြင် ကန်ပိုင်တီ ဘိန်းခင်း တိုက်ဖျက်ရေးတွင်လည်း အစိုးရ နယ်ခြားစောင့်တပ် BGF နှင့် ဘိန်းခြံပိုင်ရှင်တို့၏ တိုက်ခိုက်မှုကြောင့် PJS အဖွဲ့ဝင် ၃၀ ကျော် ဒဏ်ရာရခဲ့ပါသည်။

အခက်အခဲကြားကပင် ဘိန်းခင်းတိုက်ဖျက်ရေး အစီစဉ်ကို အစိုးရသစ်နှင့်လက်တွဲပြီး ဆက်လက် လုပ်ဆောင်သွားမည်ဟု ယနေ့အစီစဉ်တွင် ပြောခဲ့ကြောင်း သိရပါသည်။


0 comments:

Post a Comment