Friday, April 8, 2016

ငြိမ်းချမ်းရေး လက်မှတ် ထိုးရန် KBC မှတဆင့် KIO ဖိအားပေး ခံရ


KBC rung kaw Myen hpen du ni sa jahkrum

မြန်မာအစိုးရစစ်တပ် ထိပ်တန်းအရာရှိတဦး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ငြိမ်းချမ်းရေး လက်မှတ် ထိုးရန် ယမန်နေ့ ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC မှတဆင့် အသစ်တဖန် ဖိအားပေးခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ် (ကြည်း)/ အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှုး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ညနေ ၆ နာရီခန့် မြစ်ကြီးနားမြို့ ရှမ်းစုတောင် ရပ်ကွက်ရှိ KBC ရုံးချုပ်သို့ သွားရောက်ပြီး ပြောကြားခြင်းဖြစ်သည်။

KBC ရုံးရှိ ဆရာများနှင့် အချိန် တစ်နာရီခွဲခန့် တွ့ဆုံမှုတွင် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က KIO ကို ငြိမ်းချမ်းရေး လက်မှတ်ထိုးရန် KBC မှ တစ်ဆင့် ဖိအား ပေးစေချင်သည်ဟု ပြောခဲ့ကြောင်း KBC သတင်းနှင့် ပြန်ကြားရေး ဌာနမှ ဝန်ထမ်းတဦး ကချင်သတင်းဌာန KNG ကို ပြောသည်။

ထို့အပြင် ဒုဗိုလ်ချုပ်ကြီးက KBC အတွက် အလှူငွေ စာအိပ်တစ်အိတ်နှင့် ပန်းခြင်းတို့ကို လက်ဆောင် ပေးခဲ့ကြောင်း သူက ဆက်ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က KBC သို့ လာရောက်ရန် အကြောင်းကြားရာတွင် KBC အထွေထွေ အတွင်းရေးမှုး Rev. Dr. Hkalam Samson မရှိသေးကြောင်း အကြောင်းပြန် ခဲ့သော်လည်း အတင်း လာရောက်ခဲ့ကြောင်း သိရပါသည်။

အလားတူ ထိုနေ့ နံနက်ပိုင်းတွင်ပင် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့၏ အနောက်မြောက်ဘက် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးပေါ် နမ်ဆန်ယန် (Nam San Yang)နှင့် ဘန်ဒေါင်ယန် (Ban Dawng Yang) ကြား KIA တပ်ရင်း (၁၈) ရှေ့တန်းတပ် စခန်းငယ် နှစ်ခုကို အစိုးရတပ်မှ အပြင်းထန် တိုက်ခိုက်ခဲ့သောကြောင့် KIA တပ်များ ယင်းနေရာမှ ဆုတ်ပေးခဲ့ပြီဖြစ်သည်။

ထို့အပြင် ယနေ့တွင်လည်း ယင်းနေရာမှာပင် အစိုးရတပ်နှင့် KIA တပ်များ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း KIA အရာရှိများက ကချင်သတင်းဌာန KNG ကိုအတည်ပြုပြောသည်။

ယခုကဲ့သို့ အစိုးရတပ်မှ အကြီးဆုံး ကချင်အသင်းတော် KBC မှတစ်ဆင့် KIO ကို ဖိအားပေးခြင်းသည် ယခု ပထမဆုံး အကြိမ် မဟုတ်သော်လည်း လူထု ရွေးကောက်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အစိုးရ အဖြစ် တက်လာသည့် သက်တမ်းတွင် ပထမ အကြိမ် ဖြစ်ပါသည်။


0 comments:

Post a Comment