Tuesday, April 5, 2016

ကချင် နိုင်ငံရေး ပါတီ သုံး ခု ပေါင်းစည်းရန် မူ အရ သဘောတူ




ကချင်နိုင်ငံရေးပါတီများနှင့် ကချင်ပြည်နယ်မြေပုံ

ကချင်နိုင်ငံရေးပါတီ သုံးခုကို ပါတီကြီးတစ်ခုအဖြစ် ပေါင်းစည်းလိုက်ရန် ဧပြီ ၂ရက် စနေနေ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား တွင် ပြုလုပ်သည့် အစည်းအဝေးတွင် မူ အရ သဘောတူညီချက် ရရှိခဲ့ ပါသည်။

ကချင်ပြည်သူလူထု၏ တောင်းဆိုချက်အရ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP)၊ ကချင် အမျိုးသားများ ဒီမိုကရေစီ ကွန်ရက်ပါတီ (KNCD) နှင့် ကချင် ဒီမိုကရက်တစ် ပါတီ (KDP) တို့ကို စုစည်းပြီး အင်အားကြီးပါတီ တစ်ခုအဖြစ် ပြန်လည် ဖွဲ့စည်းသွားရန် ဖြစ်သည်။

ဧပြီ ၂ ရက်နေ့ မြစ်ကြီးနား ဒူကထောင် KDP ပါတီ ရုံးတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပါတီ ပေါင်းစည်းရေး ကို လက်တွေ့ အကောင်ထည် ဖော်နိုင်ရေး အတွက် ပါတီတစ်ခုမှ လူ ၅ ယောက်စီ ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးပါ ‘အလုပ်အမှုဆောင် ကော်မတီ’ ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း KDP ပါတီ ခေါင်းဆောင် ဦးကွမ်ဂေါင်အောင်ခမ်း ပြောသည်။

အစည်းအဝေးကို ပါတီ သုံးခုမှ ခေါင်းဆောင်များ ဦးဆောင်ကျင်းပခဲ့ပြီး KSDP ခေါင်းဆောင် ဒေါက်တာမနာမ်တူးဂျာ၊ KNCD ဒုတိယ ခေါင်းဆောင် ဒေါက်တာ C.C အောင်ဒွန်း နှင့် KDP ခေါင်းဆောင် ဦးကွမ်ဂေါင်အောင်ခမ်း တို့ တက်ရောက်ခဲ့ပါသည်။

ထို့အပြင် အခြား ကချင်ပါတီ နှစ်ခု ဖြစ်သည့် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ-ဒူးလေးပါတီ (LNDP) နှင့် လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (LNUDP) တို့ကိုလည်း ကချင်ပါတီများ စုစည်းမှုတွင် ပါဝင်ရန် အလွတ်သသော ဆွေးနွေးထားမှုများ ရှိကြောင်းသိရသည်။

ကချင်ပါတီများ အားလုံးစုစည်းပြီး ရွေးကောက်ပွဲဝင်ရန် ၂၀၁၅ နိုင်ဝင်ဘာလ အထွေထွေရွေး ကောက်ပွဲ မတိုင်ခင်အထိ ကချင် လူထုအသံ ဖော်ဆောင်ရေး အဖွဲ့(ဖားကန့်မြို့နယ်)မှ အစွမ်းကုန် ကြိုးစားခဲ့ပြီးဖြစ်သည်။ ပါတီများ အနေဖြင့် မစုစည်းပါက ကချင်လူထု၏ မဲ ပြန့်ကျဲပြီး မည်သည့် ပါတီမျှ နိုင်မည် မဟုတ်ကြောင်း အလေးအနက်ထား အကြံပြု သတိပေး ခဲ့ပါသည်။

သို့သော်လည်း KDP ပါတီမှတပါး ကျန် ပါတီ နှစ်ခု လက်မခံ ခဲ့သောကြောင့် ကချင်ပါတီများ မပေါင်းစည်း နိုင်ခဲ့ပေ။ ထို့နောက် ရွေးကောက်ပွဲကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကသာ ကချင်ပြည်နယ်တွင် မဲ အနိုင်ရသွားခဲ့ပါသည်။

ကချင်ပါတီများ စုပေါင်းလာမှုသည် လာမည့် ရွေးကောက်ပွဲများတွင် အနိုင်ရရေးပဲ မဟုတ်ဘဲ နိုင်ငံရေးအရ ပိုပြီး အရေးကြီးကြောင်းကို ယခု ကချင် ပါတီ ခေါင်းဆောင်များ နားလည် လက်ခံလာသည့် အနေအထားရှိလာကြောင်း ကို KDP ပါတီခေါင်းဆောင် ဦးကွမ်ဂေါင်အောင်ခမ်း ပြောပါသည်။


0 comments:

Post a Comment