Monday, May 2, 2016

ရှမ်းမြောက်တွင် အစိုးရနှင့် KIA တိုက်ပွဲ နှစ်နေရာ ဖြစ်


ရှမ်းမြောက် KIA တပ်ရင်း ၁၇ နဲ့ အစိုးရတို့ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၇ နှင့် အစိုးရတပ်တို့ ဧပြီလ နောက်ဆုံးနှစ်ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။

KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၁၇ တပ်ဖွဲ့နှင့် အစိုးရတပ်မ ၇၇ တို့သည် ဧပြီ ၂၉ နှင့် ၃၀ ရက် နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရ စာရင်းကိုမူ မသိရကြောင်း လိုင်ဇာ ဗဟိုဌာနချုပ်မှ KIA ဒုဗိုလ်မှုးကြီး နော်ဘူ က ကချင်သတင်းဌာန KNG အတည်ပြုပြောခဲ့ပါသည်။

ဧပြီ၂၉ ရက်နေ့ တိုက်ပွဲမှာ ကွတ်ခိုင်-ကွမ်လုံ ကားလမ်းမ၊ သံလွင်မြစ်အနောက်ဘက် တပ်ရင်း ၁၇ နယ်မြေ ဂျီလိုင်ပါ (Ji Lai Pa) အနီး မန်ကန်း (Man Kang) ဘက်မှ ပြန်လာသည့် KIA တပ်ဖွဲ့နဲ့ အစိုးရတပ်မ ၇၇ တို့ မနက် ၁၀ နာရီ အချိန်ခန့်တွင် ထိပ်တွေ့ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA ရှေ့တန်း သတင်းများမှ သိရသည်။

သို့သော်လည်း နောက်ရက် ဧပြီ ၃၀၊ နေ့လည် ၁၂ နာရီအချိန်တိုက်ပွဲမှာ အစိုးရတပ်ဘက်မှ KIA တပ်ရင်း ၁၇ တပ်ခွဲ ၂ ရှိသော ဟူရောက်တောင် (Hu Yau Bum)သို့ အတင်းဝင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ ရခြင်းဖြစ်ကြောင်း KIA သတင်းများက ပြောပါသည်။

အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့ကြား တိုက်ပွဲများသည် ဧပြီ ၂၂ ရက်နေ့အတွင်းပင် မိုးညှင်းမြို့အနောက်ဘက် KIA တပ်မဟာ ၈ တပ်ရင်း ၃၅ နှင့် တစ်ကြိမ်၊ လိုင်ဇာ ဗဟိုဌာနချုပ်ဘက် KIA လှုပ်ရှားတပ်ရင်း အမှတ်၂၅၅ အဖွဲ့တို့နဲ့ တစ်ကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရှမ်းမြောက် ဖောင်းဆိုင် (Hpawng Seng) ဒေသတွင် ဧပြီ ၂၁ ရက်နေ့တွင် ဖြစ်ခဲ့ပါသည်။

အစိုးရဘက်တွင်လည်း ‘၂၁ ရာစု ပင်လုံညီလာခံ’ ကို တစ်လ နှစ်လအတွင်း စတင်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဧပြီ ၂၇ ရက်နေ့တွင် တိုက်တွန်းလိုက်ပါသည်။


0 comments:

Post a Comment