Friday, April 22, 2016

အမိမြေ ကမ္ဘာ အတွက် သစ်ပင် စိုက်ကြစို့


Earth Day Network

‘မြေ ကမ္ဘာ အတွက် သစ်ပင် စိုက်ကြစို့’ ခေါင်းစဉ်ဖြင့် ယနေ့ အပြည်ပြည်ဆိုင်ရာ မြေကမ္ဘာကြီးနေ့ ကို နိုင်ငံအများတွင် ပြုလုပ်နေပါသည်။ ဤနေ့ကို ၁၉၇၀ အမေရိကန်နိုင်ငံမှ စတင်ပြုလုပ်လာပြီး၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမ္မဂ အထွေထွေညီလာခံ ကလည်း နှစ်စဉ် ဧပြီ ၂၂ ကို ‘အမိမြေ ကမ္ဘာနေ့’ အဖြစ် သတ်မှတ်ခဲ့ပါသည်။

အဓိက ရည်ရွှယ်ချက်မှာ နောက်လာနောက်သား မျိုးဆက်သစ်များအတွက် ကျန်းမာပြီး ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်အတွက် မြေကမ္ဘာကို ကာကွယ်ကြရန်ဖြစ်သည်။

တစ်ဆက်တည်းပင် ကုလအတွင်းရေးမှုး ဘန်ကီမွန်းက ယနေ့မှာ “အယောက်စီတိုင်း ကမ္ဘာကြီးကို ထိခိုက်စေနိုင်သော မိမိလုပ်ဆောင်မှုများသည် အနာဂတ် မျိုးဆက်သစ်များအပေါ် ကျရောက်မည်ဖြစ်တဲ့အတွက် စဉ်းစားဆင်ခြင်ကြဖို့” ပြောထားသည်။

လူ့အသက်သည် သဘာဝပတ်ဝန်းကျင်နှင့် ဆက်နွယ်နေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အဆိုအရ ၂၀၁၂ နှစ်အတွင်းပင် လူပေါင်း ၁၂.၆ သန်း သည် ကျန်းမာရေးကို ထိခိုက်စေသောသော ပတ်ဝန်းကျင်တွင် နေထိုင်ခြင်း သို့မဟုတ် အလုပ်လုပ် နေရခြင်းကြောင့် သေဆုံးနေပါသည်။ ထို့အပြင် ကမ္ဘာ့သေဆုံးသူ ၄ ဦးအနက် ၁ ဦးခန့် သည် ရာသီဥတု ဖောက်ပြန်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ ဓာတုပစ္စည်း ထိတွေ့ခြင်းနှင့် ဓာတ်ရောင်ခြည် တို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ဆိုထားပါသည်။

ဆယ်စုနှစ် ၄၀ အလွန်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုများသည် အရှေ့တိုင်းနိုင်ငံများ အတွက် အရေးကြီးအချက် မဟုတ်ခဲ့သော်လည်း ယခုအချိန် အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် ကမ္ဘာတွင် ရာသီဥတုဖေါက်ပြန်မှုဒဏ်ကို အခံရဆုံး ဒုတိယ နေရာတွင် ရှိနေကြောင်း ‘Global Climate Risk Index 2016’ အစီရင်ခံစာတွင် ဖော်ပြနေပါသည်။

အယ်နီညို (Ei Nino) အပူလွန်ကဲလာခြင်းအန္တရယ်ကို မြန်မာပြည်တွင် ယခုနှစ် သိသိသာသာ မျက်မြင်ကြုံတွေ့ ခံစားနေရပြီဖြစ်သည်။ အကျိုးဆက်အနေဖြင့် အလယ်ပိုင်းဇုန်တွင် မတ်လကတည်းပင် သောက်သုံးရေ မလုံလောက်သော ပြဿနာကို ကြုံတွေ့နေရပါသည်။

အထူးသဖြင့် ကချင်ပြည်နယ်တွင်လည်း ယခုနှစ် ရာသီဥတု ဖေါက်ပြန်ခြင်းဒဏ်ကို ခံစားနေရပါသည်။ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော ကချင်ပြည်နယ် အလယ်ပိုင်း တြိဂံဒေသ (Uma Ga) တွင် နွေရာသီကာလဖြစ်သည့် ဖေဖော်ဝါရီလမှ ယခုချိန်ထိ မိုးဆက်တိုက်ရွာတွန်းနေခြင်းကြောင့် ဒေသခံများတောင်ယာ မီးမရှို့နိုင်သေးသည့် အခြေအနေတွင် ရှိနေသည်။

သဘာဝ တောရိုင်း တိရစ္ဆာန်မျိုးစုံ ရှိခဲ့သည့် ကချင်ပြည်နယ် ဟူးကောင်းဒေသတွင်လည်း ပရမ်းပတာ ရွှေတူးဖော်သည့် လုပ်ငန်းနှင့် သစ်ထုတ်လုပ်ငန်းများကြောင့် ယင်းဒေသမှ ကျား၊ ဆင်၊ ဒေါင်းနှင့် အခြားရှားပါး တိရစ္ဆာန်အများသည် ပြောက်ကွယ်စ ပြုနေပါသည်။

ကချင်ပြည်နယ်တွင် သစ်တောပြုန်းတီးနေမှုကြောင့် တစ်နှစ်ထက် တစ်နှစ် ရာသီဥတု ပူပြင်းလာသည်ကို ကချင်ပြည်သူတိုင်း သတိထားမိမည်ဖြစ်သည်။ ထို့အပြင် အဆမတန် ဖားကန့်ကျောက်စိမ်း တူးဖော်မှုသည် မိုးရာသီတွင် ယင်းဒေသကို ရေလွမ်းပြီး အိမ်ခြေများ မြေကြီးအောက် နှစ်မြှပ်သွားစေနိုင်သည်ကိုလည်း သတိထားရပါမည်။

မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့၏ အုပ်ချုပ်မှုအောက် ကချင်ပြည်နယ်ရှိ သစ်တော သယံဇာတများသည် ထုတ်ယူသုံးစွဲမှုသာ ရှိနေပြီး ပြန်လည် စိုက်ပျိုးပြုစုပျိုးထောင်ခြင်းမျိုး မရှိသောကြောင့် လာမည့် နှစ်များအတွက် ပိုမို စိုးရိမ်ဖွယ်ရှိနေပါသည်။

အမှန် သစ်ပင် တစ်ပင်သည် နေ့စဉ် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက်များကို စုပ်ယူပြီး တဖန် လူ လေးယောက် အတွက် အောက်စီဂျင်ကို ပြန်လည်ထုတ်ပေးနိုင်ပါသည်။ ထို့ကြောင့် လူတိုင်းသည် မိမိတို့ ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး အတွက် အမိမြေ ကမ္ဘာ အတွက် သစ်ပင်များကို စိုက်ပျိုးရမည်ဖြစ်ပါသည်။


0 comments:

Post a Comment