Thursday, April 7, 2016

လီဆူ အမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း KIA တပ် ဝန်ခံ


KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်ထန် ဂမ်ရှောင်

လီဆူ အမျိုးသား ၂ ဦးကို ကချင် လွတ်လပ်ရေး တပ်မတော် KIA စစ်သားများ သတ်ဖြတ်ခဲ့ခြင်း မှန်ကန်ကြောင်းကို ဧပြီ ၅ ရက်နေ့ မိုင်ဂျာယန်မြို့တွင် ပြုလုပ်သည့် တပ်ပိုင်းဆိုင်ရာ ရှင်းလင်းပွဲတွင် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်ထန် ဂမ်ရှောင် က ဝန်ခံ ပြောကြားခဲ့သည်။
လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (ဒူးလေးပါတီ) ၏ မတ်လ ၂၄ ရက် ထုတ်ပြန်ချက်တွင် လီဆူ အမျိုးသား ၂ ဦးဖြစ်သည့် ဦးသောင်းဆီး နှင့် ဦးငွါးတား တို့ကို KIA မှ သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲထားပါသည်။

၎င်း စွပ်စွဲချက်အပေါ် KIA ကလည်း မိမိတို့ သတ်ဖြတ်ခဲ့ကြောင်း မိုင်ဂျာယန် တပ်ပိုင်းဆိုင်ရာ ရှင်းလင်းပွဲတွင် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်ထန် ဂမ်ရှောင် က ဝန်ခံခဲ့သည်ဟု KIA သတင်းရပ်ကွက်မှ သိရသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ဝိုင်းမော်မြို့နယ် ကန်ပိုင်တီမြို့နယ်ခွဲ၊ မားဆကျေးရွာနေ ဦးသောင်းဆီး (၁၉)နှစ်သည် စကာပါ ကျေးရွာအုပ်စု၊ လုံထန်ကျေးရွာမှ အပြန်လမ်း ဘွမ်ဝါ KIA တပ်စခန်းရှေ့သို့ ရောက်ရှိလာစဉ် ‘လူမျိုးအမည်ကို မေးမြန်းရာ လီဆူ လူမျိုးဟု ဖြေကြားခဲ့သည့်အတွက် မည်သို့မျှ မေးမြန်းခြင်းမရှိ၊ အပြစ်မဲ့ ရက်စက်စွာ ရိုက်နက်ခံခဲ့ကြောင်း’ စွပ်စွဲထားသော်လည်း KIA စစ်ဦးစီးချုပ် က ‘ဦးသောင်းဆီးသည် ဂိတ်ရှေ့မရပ်ဘဲ ဖြတ်သွားသောကြောင့် အရက်မူးနေသော တာဝန်ကျ KIA ဂိတ်စောင့်က သူ့ကို လိုက်လံ ဖမ်းဆီးပြီး အလွန်အကျွံ ရိုက်နှက်မိခဲ့ကြောင်း’ ရှင်းလင်း ခဲ့သည်။

ဦးသောင်းဆီးသည် ယင်းဝေဒနာဖြင့် KIA ဗဟိုဌာနချုပ် လိုင်ဇာဆေးရုံတွင် ဆေးကုသနေစဉ် ရက်ပိုင်းအတွင်း သေဆုံး သွားခဲ့ပါသည်။ သူသည် KIA တပ်ကို သတင်းပေး အဖြစ် အကူညီ ပေးနေသူ တဦးလည်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ ‘မတ်လ ၁၀ ရက်နေ့ ဆဒုံးမြို့နယ်ခွဲ၊ လဖိုင်ကျေးရွာအုပ်စု၊ ဘွန်ဆင်ကျေးရွာနေ ဦးငွါးတာ (၂၄) နှစ်ကို KIA တပ်မှ ဗိုလ်အဆင့်ရှိသူ ဦးတိန့်ဘာလဂျာနှင့် အဖွဲ့ (၉)ဦးမှ ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြောင်း’ ထုတ်ပြန်ချက်တွင် ပြောထားသည်။ သို့သော်လည်း ‘ဦးငွါးတာသည် ဓါးဖြင့် ချိန်ရွယ်ခဲ့သောကြောင့် KIA စစ်သားများ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း’ KIA စစ်ဦးစီးချုပ် က ရှင်းလင်းချက် ပေးခဲ့သည်။

လီဆူ အမျိုးသားများ သတ်ဖြတ်ခံရခြင်း ကိစ္စ ဒူးလေးပါတီ ၏ မတ်လ ၂၄ ထုတ်ပြန်ကို KIO လိုင်ဇာ ဗဟိုဌာနချုပ်မှ ဒုဗိုလ်မှုးကြီး နော်ဘူ က မတ်လ ၂၅ ကချင်သတင်းဌာန KNG ၏ မေးမြန်ချက်တွင် ယင်းကိစ္စ မမှန်ကန်ကြောင်း ငြင်းဆိုခဲ့သည်။

သို့သော် ယင်းကိစ္စနှင့် ပတ်သက်ပြီး လီဆူ စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီနှင့် KIO တာဝန်ရှိသူများသည် တွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ကြောင်း ဒူးလေးပါတီ ဥက္ကဌ ဦးရွှေမင်းက ကချင်သတင်းဌာန KNG ကိုပြောခဲ့ပါသည်။

လီဆူအမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း KIA တပ်အတွင်း ဝန်ခံမှု ရှိသော်လည်း တရားဝင် လူထု ရှင်းလင်းပွဲကိုမူ ယခုချိန်ထိ မပြုလုပ်သေးပါ။


0 comments:

Post a Comment