Monday, November 10, 2014

အပိုင်းပိုင်းပြတ် သတ်ဖြတ်ထားသည့် ကိစ္စ တောက်ပကြယ်ကုမ္ပဏီမှ နစ်နာကြေး ပေးမည် ဟုဆို


 ဖားကန့် ရေမဆေး ကောက်သူများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း (Lawng Hkang) ကျေးရွာအုပ်စု မဒန်ယန် (Madang Yang) ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် ဦးဖုတ်လောင် ဂွမ်ဂျာအောင် ခေါ် ဇယ်လွမ်း၏ သေဆုံးမှုနှင့် ပတ်သက်၍ တောက်ပကြယ် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီက နစ်နာကြေး သိန်း ၂၀၀ ကျပ် ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သေဆုံးသူ၏ အစ်ကို ဦးဘရန်နန် က ပြောသည်။

သေဆုံးသူ၏ မိသားစုများက ဖားကန့်မြို့နယ် ကချင်ရိုးရာနှင့်ယဉ်ကျေးမှုအဖွဲ့အား ညှိနှိုင်းမှုများ ပြုလုပ်ပေးရန် အကူအညီ တောင်းခံထားသဖြင့် ကချင်ရိုးရာနှင့်ယဉ်ကျေးမှုအဖွဲ့ က နစ်နာကြေးအဖြစ် သိန်း ၄၀၀၀ တောင်းဆို ထားသော်လည်း သိန်း ၂၀၀ သာ ပေးမည်ဟု ယနေ့ နိုဝင်ဘာလ ၁၀ ရက်က နှစ်ဖက် တွေ့ဆုံဆွေးနွေးစဉ် ပြောဆိုခဲ့သည်ဟု သေဆုံးသူ၏ အစ်ကို ဦးဘရန်နန် က ပြောသည်။

“ကျနော်တို့က ၄၀၀၀ ဆိုပြီး အကန့်အသတ် မထားဘဲ။ ကချင်ရိုးရာအရ ဖြေရှင်းပေးဖို့ အကုန် အပ်ထားလိုက်တယ်။ ဒီနေ့ ကုမ္ပဏီက သိန်း ၂၀၀ ပေးမယ်ဆိုပြီး ပြောလာတယ်။ ကျနော်တို့ ညီအတွက် တန်ဖိုးဖြတ်လို့မရတဲ့အတွက် ကျေနပ်တယ်။ မကျေနပ်တာ မဟုတ်ဘူး။ ကချင်ရိုးရာကို လေးစားတဲ့အနေနဲ့ သူတို့ ဖြေရှင်းပေးတာကိုဘဲ လက်ခံတယ်။ ကျေနပ်ဖို့က မရှိဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

တောက်ပကြယ် ကုမ္ပဏီမှ စက်ယန္တရားကြီး (ကရိန်းကား) မောင်းသူကိုယ်တိုင် သတ်ဖြတ်ထားသည်ဟု ဖားကန့်မြို့နယ် ရဲစခန်းက စစ်ဆေးမေးမြန်းစဉ် ဝန်ခံထားသည်ဟု သူက ဆိုသည်။

“ကုမ္ပဏီကို အခု ရဲတပ်ဖွဲ့ကတော့ စစ်ဆေးနေတယ်။ ကုမ္ပဏီက ဘက်ဖောမောင်းတဲ့ သူကိုယ်တိုင် အလောင်းကို ဖျောက်လိုက်တယ် ဆိုပြီး ဝန်ခံတယ်” ဟု ပြောသည်။

ယခုလို ရက်စက်စွာ သတ်ဖြတ်ခံရမှုကဲ့သို့ နောက်နောင် မဖြစ်ပွားစေရန်အပြင် ကချင်လူမျိုးသာမက မြန်မာနိုင်ငံသားတိုင်း တန်ဖိုးထားစေရန် တစ်နိုင်ငံလုံးကို သိရှိစေလိုခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်က ဝဂျေမှော် (Waje Maw) တွင် တောက်ပကြယ် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမှ မြေစာလာချစဉ် ခေါင်း၊ လက်၊ ခြေထောက်နှင့် ခန္ဓာကိုယ် လေးပိုင်း ပြတ်နေသော ဦးဂွမ်ဂျာအောင်၏ အလောင်းကို တွေ့ရှိခဲ့သည်။ ၄င်းအလောင်းကို နိုဝင်ဘာလ ၂ ရက်တွင် မီးရှို့သဂြိုလ်လိုက်သည်ဟု သိရသည်။

တောက်ပကြယ် ကုမ္ပဏီမှ စက်ယန္တရားကြီး (ကရိန်းကား) မောင်းသူ ကိုဇော်ဦးအား ဖားကန့်ရဲစခန်းက ဦးဂွမ်ဂျာအောင် သေဆုံးမှုနှင့်ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်နေပြီး ကုမ္ပဏီအနေဖြင့် ကချင်ယဉ်ကျေးမှုအဖွဲ့နှင့် ကချင်ရိုးရာအရ ညှိနှိုင်းဆွေးနွေးနေသည်ဟု တောက်ပကြယ် ကုမ္ပဏီမှ ရုံးအဖွဲ့မှ ဦးဝင်းနိုင် က ပြောသည်။

“အရင်တုန်းကတော့ ဒဏ်ရာရတာလောက်ဘဲ။ ဒါပေမဲ့ အခုက မြေပြိုပြီးမှ ကျနော်တို့ ကုမ္ပဏီက မသိလို့ ကုတ်မိ သွားတာ။ ကျနော်တို့လည်း စိတ်မကောင်းပါဘူး၊ ကျနော်တို့ အခုလောလောဆယ်။ ကချင်ရိုးရာနဲ့ ကံယံကံရှင်နဲ့ ညှိနှိုင်းနေတာ” ဟု သူက မဇ္စျိမ ကို ပြောသည်။

သေဆုံးသူ ဦးဂွမ်ဂျာအောင်တွင် ကလေး တစ်ဦး၊ ကိုယ်ဝန်နှင့် ဇနီး ကျန်ရစ်ခဲ့သည်။


0 comments:

Post a Comment