Tuesday, September 23, 2014

ဟူးကောင်းချိင့်ဝှမ်းဒေသ ယုဇနကုမ္ပဏီရှိနေမှု အား ဒေသခံများ မလိုလား

ယုဇန ကုမ္ပဏီ အသုံးပြုသော ဓါတုဆေးတမျိုးကြောင့် သေဆုံးနေတဲ့ ကျွဲတစ်ကောင်

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်ဟူးကောင်းချိုင့်ဝှမ်းအတွင်း ‘ယုဇန ကုမ္ပဏီ ရှိနေမှု လိုလား၊ မလိုလား’ ဆန္ဒခံယူပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့တွင်ဒေသခံများ ပြုလုပ်ခဲ့ရာ မလိုလားကြောင်းထောက်ခံမဲပိုမိုရရှိခဲ့သည်ဟု ဆန္ဒခံယူပွဲကျင်းပရေး ပြောရေးဆိုခွင့်ရှိသူ ဆရာအောင်လတ် က ပြောသည်။

ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စုမှ ဘန်ကောက်၊ စံပြနှင့် အောင်ရာ စသည့် ကျေးရွာ လေးရွာမှဒေသခံများက ဝါရာဇွပ်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းရှိ ခန်းမတွင်ပြုလုပ်ကျင်းပခဲ့ပြီး ဒေသခံတောင်သူ ၇၅၅ ဦးတွင် ယုဇန ကုမ္ပဏီအား မလိုလားကြောင်း ထောက်ခံမဲ ၇၂၆ ဦး၊ ကန့်ကွက်မဲ ၁၉ ဦးနှင့် ပယ်မဲ ၁၀ မဲတို့ ရရှိခဲ့ခြင်း ဖြစ်သည်။

“ယုဇန ကုမ္ပဏီ စဝင်လာတာ ဒီနေ့ထိ ကျနော်တို့ရွာသားတွေအတွက် ကောင်းကျိုးဘာမှ မခံစားရဘူး။ ဒီနေ့ထိ ကျနော်တို့ အခက်အခဲ အမျိုးမျိုးကြုံတွေ့နေရတယ်။ ရွာသားတွေ ယုဇနကုမ္ပဏီကို ကြိုက်လား၊ မကြိုက်လားမေးကြည့်ဖို့ လုပ်တာဖြစ်တယ်” ဟု ဆရာ အောင်လတ် က ပြောသည်။

ယုဇန ကုမ္ပဏီသည် ပြည်သူလူထုအတွက်မည်သည့်အကျိုးမှ မခံစားရဘဲ ဆိုးကျိုးများသာကြုံတွေ့နေရမှုများကိုဖော်ထုတ်ရန်အတွက် ကွင်းမှူး (Pa Ningbaw) ကော်မတီကို ဒေသခံ တောင်သူ ၁၅ ဦးဖြင့်ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့ကစတင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

၂၀၀၆ ခုနှစ် အောက်တိုဘာလမှစတင်၍ ယုဇန ကုမ္ပဏီ က တောင်သူများ၏ လယ်ယာမြေများ သိမ်းယူခြင်း၊ လယ်ယာမြေများ ဖျက်ဆီးခံရခြင်း၊ စားကျက်များသိမ်းယူခြင်းကြောင့် ကျွဲ၊ နွားများ မရှိတော့ခြင်းနှင့်ကြုံတွေ့နေရသည်ဟု ဆရာအောင်လတ် က ပြောသည်။

“အရင်က ကျနော်တို့ရွာမှာ ကျွဲ၊ နွား ၁၁၀၀ ကျော်ရှိတာ။ ခုက ၂၀၀ လောက်ဘဲ ရှိတော့တယ်။ ကျွဲ၊ နွား မရှိတော့ဘူးဆိုရင် လယ်လုပ်တဲ့လူတွေလည်းမရှိတော့ဘူး။ သူတို့ ကုမ္ပဏီက စွန့်ပစ်ရည်တွေက ချောင်းထဲမှာ ဝင်သွားတယ်။ အဲဒီရည်တွေက မြစ်ထဲဝင်ပြီးငါးတွေ သေကုန်တယ်” ဟု ဆရာအောင်လတ် က ပြောသည်။

ယုဇန ကုမ္ပဏီ၏ စက်ရုံက စွန့်ပစ်ရည်များသည် နမ်ဆန်ချောင်းအတွင်း စီးဝင်သဖြင့် ငါးများ သေဆုံးမှုများ ဖြစ်ပွားမှု ယခုနှစ်အတွင်း နှစ်ကြိမ်ရှိခဲ့ပြီး ၄င်းချောင်းရေ အောက်ဘက်တွင် ဒေသခံများ သောက်သုံးခဲ့သဖြင့် ဝမ်းလျှော်ရောဂါများ ဖြစ်ပွားခဲ့သည်ဟု သူက ဆိုသည်။

ယနေ့ ဆန္ဒခံယူပွဲ ရလဒ်များကို ကချင်ပြည်နယ် အစိုးရဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း ထံသို့ တင်ပြသွားမည် ဖြစ်ပြီး ယုဇန ကုမ္ပဏီ ထွက်သွားရေးအတွက် လူထုဆန္ဒအတိုင်း ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆရာအောင်လတ် က ပြောသည်။

၎င်းတောင်သူ လယ်သမားများနှင့် ယုဇန ကုမ္ပဏီ တို့အကြား လယ်ယာမြေ ပြဿနာများ စစ်ဆေးရန်အတွက် ကချင်ပြည်နယ်လွှတ်တော်တွင် ကော်မတီတစ်ရပ် ဖွဲ့စည်းရန် ဖားကန့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအင်ဖရောင်းဂမ် ၏ အဆိုပြုချက်ကို ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ကအတည်ပြုခဲ့သည်။

ယုဇန ကုမ္ပဏီက ဟူးကောင်းချိုင့်ဝမ်းဒေသအတွင်း မြေယာဧက ၂ သိန်းကျော် သိမ်းယူခဲ့ရာတွင် တောင်သူများ စိုက်ပျိုးထားသော သီးနှံများ၊ လယ်ယာမြေများ၊ ဥယျာဉ်ခြံများကို ဖျက်စီးခဲ့သဖြင့် တောင်သူ ၆၀ ကျော်က ဧက ၁၀၀၀ ကျော်အတွက် နစ်နာကြေးနှင့် လျော်ကြေးပေးရန် ယုဇန ကုမ္ပဏီကို တရားစွဲဆိုခဲ့သည်။

ကုမ္ပဏီဘက်မှ လယ်တစ်ဧက ၈ သောင်း၊ ယာမြေ တစ်ဧက ၆ သောင်း၊ ဥယာဉ်ခြံမြေ တစ်ဧက ၃ သောင်းနှင့် အိမ်တစ်အိမ်လျှင် ၁ သိန်းကျပ်နှုန်းဖြင့် လျော်ကြေးပေးရန် ကချင်ပြည်နယ် တရားရုံးက ၂၀၁၁ ခုနှစ်ဇန်နဝါရီလ အတွင်း က အမိန့်ချမှတ်ခဲ့သည်။

၎င်းလျော်ကြေးအပေါ် တောင်သူများ မကျေနပ်သဖြင့်၂၀၁၂ ခုနှစ် သြဂုတ်လက တောင်သူများက ရန်ကုန်မြို့ရှိယုဇန ကုမ္ပဏီရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ရာ ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်က သိမ်းယူထားသော မြေဧက ၂ သိန်းကျော်မှ ဧက ၅၀၀၀ ကို ပြန်ပေးမည်ဟုပြောဆိုခဲ့သော်လည်း လယ်မြေများ ပြန်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလက ဒေသခံ တောင်သူများက ရန်ကုန်မြို့ရှိ ယုဇန ကုမ္ပဏီရုံးရှေ့တွင် ထပ်မံ ဆန္ဒဖော်ထုတ် ခဲ့သေးသည်။

၂၀၀၆ ခုနှစ်က ယုဇန ကုမ္ပဏီက ယခင်အစိုးရ၏ခွင့်ပြုချက်ဖြင့် မြေလွတ်မြေရိုင်းများ ဖော်ထုတ်ရန်အတွက် ဟူးကောင်းချိုင့်ဝှမ်းအတွင်း ဧက ၂ သိန်းကျော် သိမ်းဆည်းခဲ့သည်။


0 comments:

Post a Comment