Tuesday, April 12, 2016

အစာ အဆိပ် သင့်သော မိုးကောင်း လူငယ် ၈၇ ဦး ဆေးရုံ ရောက်


ဆေးရုံတက်နေရသော လူငယ်များကို အသင်းတော်ဆရာများမှ ဆုတောင်းပေးနေစဉ်

ကချင်ပြည်နယ် မိုးကောင်း စိန်ပီတာ ကက်သလစ် ဘုရားကျောင်းတွင်း နွေရာသီ ဂီတနှင့် အင်္ဂလိပ်စာ သင်တန်းသား လူငယ် ၈၇ ယောက်သည် အစာအဆိပ်သင့်၍ ဆေးရုံ တက်ရကြောင်း သိရပါသည်။

သင်တန်းသား ၁၂၃ ဦးသည် ယမန်နေ့ ညစာအဖြစ် ‘ကြက်ဥဆီပြန်ဟင်း’ ကို စားပြီး ညနေ ၅ နာရီနောက်ပိုင်းမှ စတင်ကာ ခေါင်းမူးခြင်း၊ အန်ခြင်း ဖြစ်လာသောကြောင့် လူငယ်များ မိုးကောင်း အစိုးရ ပြည်သူ့ဆေးရုံသို့ တက်ရကြောင်း အသင်းတော် အထွေထွေ အတွင်းရေးမှုးက ကချင်သတင်းဌာန KNG ကိုပြောပါသည်။

ထို့အပြင် ယမန်နေ့ ည ၉ နာရီ နောက်ပိုင်းကပင် အခြအနေကောင်းလာသဖြင့် ဆေးရုံ ဆင်းသွားသော လူငယ်များအနက် ၃၀ ယောက်သည် အင်္ဂါနေ့ ယနေ့မနက်စာ စားပြီးချိန် မူးဝေခြင်း၊ အော့အန်ခြင်းများ ဖြစ်လာသောကြောင့် ဆေးရုံ ပြန်သွားပြီး ကုသမှု ခံယူနေကြောင်း မိုးကောင်းသတင်းဇုံ မှ သိရပါသည်။

အစာ အဆိပ်သင့်ခဲ့ရသည့် အဓိက အကြောင်းရင်းမှာ တရုတ်နယ်စပ်မှ တင်သွင်းလာသည့် ကြက်ဥဖြစ်ပြီး ၎င်းတွင် ဓာတုဆေး တမျိုးမျိုး ပါနေသည့်အတွက် ယခုကဲ့သို့ ဖြစ်လာရခြင်းဖြစ်သည်ဟု ရဲနှင့် ဆရာဝန်များ ပြောဆိုနေကြပါသည်။

ကချင်ပြည်နယ်တွင် လူသုံးကုန်ပစ္စည်း အစစ အရာရာကို နယ်စပ်မှ ၀င်လာသော ဈေးပေါသော တရုတ် ပစ္စည်းများပေါ် အဓိက မှီခိုနေရသည်မက အစားအစာများကိုပါ ၀ယ်ယူစားသောက်နေကြပါသည်။

တရုတ် အစားအစာကြောင့် အစာအဆိပ်သင့် ရမှုများသည် မကြာခဏ ဖြစ်နေသော်လည်း သက်ဆိုင်ရာ အစိုးရ ကျမ်းမာရေးဌာနနှင့် အာဏာပိုင်များမှ တို့ပြန်အရေးယူခြင်း မပြုဘဲ ယခုချိန်ထိ လစ်လျူရှုထားဆဲ ဖြစ်သည်။


0 comments:

Post a Comment