Sunday, April 24, 2016

KIA ကို ထိုးစစ် ဆင်ရာမှ ပြည်တွင်းစစ် ဦးတည်နိုင် ဟု KNO သတိပေး


KNO (16) နှစ်ပြည့်ဆုတောင်းပွဲ အခမ်းအနား၊ ချင်းမိုင်မြို့ ထိုင်းနိုင်ငံ

အရပ်သား အစိုးရသစ် လက်ထက် မြန်မာစစ်တပ်မှ ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် ပြည်တွင်းစစ်သို့ ပြန်လည် ဦးတည်နိုင်ကြောင်း ပြည်ပအခြေစိုက် ကချင် အမျိုးသား အစည်းအရုံး KNO မှ ယနေ့ ဧပြီ ၂၄ တွင် သတိပေးချက် ထုတ်ပြန်လိုက်ပါသည်။

KNO နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့သည် Memorandum of Understanding (MoU) ဟု ခေါ်သည့် ကချင်အမျိုးသားများ နိုင်ငံရေးလွတ်မြောက်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး အတူ လက်တွဲအလုပ်လုပ်ရန် သဘောတူညီချက် ကို ၂၀၁၁ ဇန်နဝါရီ ၂၂ တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အစိုးရတပ်မှ ကချင်ပြည်နယ်တွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက KNO သည် ကချင်ပြည်သူများနှင့် လက်တွဲကာ ကချင်ဒေသများကို ကာကွယ်မည့် စီမံကိန်းကြီးအား အားထုတ်ကြိုးပမ်း အကောင်ထည်ဖော်သွားမည်ဟု သတိပေးထားသည်။

ကချင်ပြည်တွင်း သာမက မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ နယ်မြေများတွင် အစိုးရသစ် လက်ထက် ထိုးစစ်တိုက်ခိုက်နေမှုများသည် ပြည်တွင်းစစ်ကြီးကို ဖြစ်လာစေနိုင်ကြောင်း ကိုလည်း ထောက်ပြထားသည်။

မြန်မာ့နှစ်သစ်ကူး သင်္ကြန်မတိုင်ခင်နှင့် အပြီးတွင် အစိုးရတပ်မှ KIA ဗဟိုဌာနချုပ် လိုင်ဇာအနီး ရှေ့တန်းစခန်းများဖြစ်သည့် တပ်ရင်း ၁၈ အောက် ဆွတ်ရှန်စခန်း (Sut Shang Post)၊ အင်ဘူကောင်စခန်း (Nbu Kang Post) နှင့် ပေါင်ဆေး (Pau Se) ဘက်ရှိ စခန်း ၂ ခု၊ စုစုပေါင်း KIA ရှေ့တန်းစခန်း ၄ ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါသည်။

ထို့အပြင် ယခုအပတ်အတွင်း လိုင်ဇာဗဟိုဌာနချုပ်အနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၆ နယ်မြေတွင်လည်း အစိုးရတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေပါသည်။

ကချင်အမျိုးသားအစည်းအရုံး KNO ကို ပြည်ပရောက် ကချင်အမျိုးသားများမှ ၁၉၉၉ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။


0 comments:

Post a Comment