Tuesday, April 5, 2016

ကချင် လူငယ် ‘နိုင်ငံရေး အမြင်’ ပညာပေး အစည်းအဝေး ကောင်းခါးမြို့တွင် စတင်


ကောင်းခါး လူငယ် နိုင်ငံရေးအမြင်ပွင့် သင်တန်း အဖွင့် ဆုတောင်းခြင်းအစီအစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင် လူငယ်များ၏ သုံးရက်ကြာ ‘နိုင်ငံရေး အမြင်’ ပညာပေး အစည်းအဝေးကြီးကို ဧပြီ ၅၊ ယနေ့မှစပြီး ကောင်းခါးမြို့ ကချင်ယဉ်ကျေးမှု မနောကွင်း တွင် ကျင်းပနေပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်အဖွဲ့စည်းများ ပူးပေါင်းပြီး ပထမဆုံး အကြိမ် ကျင်းပသော အစည်းအဝေး လည်း ဖြစ်ပါသည်။

အစည်းအဝေး ကျင်းပသည့် နေရာ ကောင်းခါးမြို့ သည် ကွတ်ခိုင်မြို့အနီး အရှေ့ဘက်တွင် တည်ရှိပြီး အစိုးရမှ ကောင်းခါးပြည်သူ့စစ် ဟု ခေါ်သည့် ဦး မထုနော် (Ningbaw Mahtu Naw) ဦးဆောင်သော ကချင်ကာကွယ်ရေး တပ်မတော် KDA ဗဟို ဌာနချုပ် ဖြစ်သည်။

ယခု အစည်းအဝေးကြီးသို့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသ အသီးသီးမှ လူငယ် ၃၅၀ ကျော် တက်ရောက်လာကြောင်းနှင့် အဓိက အားဖြင့် ကချင်အမျိုးသား၏ နိုင်ငံရေးသမိုင်းကို လူငယ်များအား သိရှိစေရန်၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ လူငယ်များ နားလည်စေရန်နှင့် ရှမ်းမြောက်ဒေသမှ နိုင်ငံရေး ကျွမ်းကျင်သော ကချင်လူငယ်များ ပေါ်ပေါက်လာရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း လုံခြုံရေး အခြေအနေကြောင့် အမည်မဖော်လိုသည့် အစည်းအဝေး ဦးဆောင်သူ တဦး က ကချင်သတင်းဌာန KNG ကိုပြောပါသည်။

အစည်းအဝေးတွင် ကချင်လို ‘Mung Myit Sinli Ga’ ဟု ခေါ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ၏ သမိုင်းကြောင်း၊ လူအခွင့်အရေးဆိုင်ရာ၊ သဘာဝ သယံဇာတ၊ လူငယ်နှင့် ပညာရေး၊ ကချင်လူမျိုးနှင့် တာဝန်ခံမှု စသည့် အကြောင်းများကို အဓိကထား လူငယ်များကို ဟောပြောသွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။

ထို့အပြင် KDA စစ်ဦးချုပ် လုပ်စိန်နော်လီ (Du Kaba Luksing Naw Li) မှလည်း အစည်းဝေး တက်ရောက်လာသော လူငယ်များကို ယနေ့ မိန့်ခွန်းဖြင့် အားပေးစကား ပြောသွားခဲ့ပါသည်။

ယခု အစည်းအဝေးသို့ ရှမ်းမြောက်ဒေသနှင့် နီးစပ်သော ကချင်ပြည်နယ် ဗန်းမော် ခရိုင်မှ လူငယ်များကို ဖိတ်ကြားခဲ့သော်လည်း ပါဝင်နိုင်ခြင်း မရှိကြောင်း သိရပါသည်။

အစီစဉ်ကို ရှမ်းပြည်နယ် ကချင်ယဉ်ကျေးမှုအဖွဲ့ လူငယ် ဌာန၊ ကွတ်ခိုင် ကချင်လူငယ်များ အဖွဲ့အစည်း KYO (Kutkai) နှင့် ကချင် နှစ်ခြင်းခရစ်ယာန် အသင်းတော်၊ ကချင် ရိုမန်ကတ်သလစ် အသင်းတော်များမှ လူငယ်ခေါင်းဆောင်များ ပါဝင်သော ပွဲဖြစ်မြောက်ရေးအဖွဲ့မှ ဦးဆောင် ပြုလုပ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ က ကချင် လွတ်လပ်ရေး တပ်မတော် KIA ၏ တပ်မဟာ ၆ ကို ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကို ဒေသတွင် တရားဝင် တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ယင်းကြောင့် အစိုးရတပ် အင်အား ၃၀၀၀ ကျော် တက်လာပြီး ဒေသတွင်း ပိုက်စိပ်တိုက် နယ်မြေ ရှင်းလင်းရေးများ ပြုလုပ်စဉ် ဒေသခံများ အစိုးရတပ်၏ မတရား ဖမ်းဆီး စစ်ဆေးမှုများ ခံနေရပါသည်။


0 comments:

Post a Comment