Monday, July 11, 2016

ကချင်ပါတီများ ပူးပေါင်းရေး ကော်မတီမှ လုပ်ငန်း ဌာန (၅)ခု ဖွဲ့စည်း


လက်ရှိ ကချင် နိုင်ငံရေး ပါတီ (၃)ခု ပါဝင်သည့် ကချင် နိုင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC) သည် လက်တွေ့ လုပ်ငန်းဆောင်ရွက်ရန် အတွက် အရေးကြီးသည့် ဌာန (၅)ခုကို ဖွဲ့စည်းလိုက်သည်။

ဇူလိုင် ၉ ရက် စနေနေ့၊ မြစ်ကြီးနားမြို့ အင်္ဂလီကန် ဘုရားကျောင်းဝင်းတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး အတွင်း ဖွဲ့စည်းနိုင်ခဲ့သည့် ကော်မတီများကို KPCC ၏ ပြန်ကြားရေး တာဝန်ခံ ဦးလွမ်းဇောင်း က ယခုလို ပြောပါသည်။

“ဒီနေ့က KPCC ရဲ့ လိုက်နာရမည့် code of conduct ကိုလုပ်နိုင်ခဲ့တယ်။ ပြီးရင် လက်တွေ့ လုပ်ငန်း လုပ်ဆောင်မည့် ဌာန ၅ ခုလည်း ဖွဲ့နိုင်ခဲ့တယ်။ အဲဒီမှာ လူထုဆက်ဆံရေး၊ ဘဏ္ဏာရေး၊ ကချင်မျိုးနွယ်စုရေးရာ၊ Policy development and Kachin state Constitution Drafting နဲ့ ပြန်ကြားရေး တွေကို ဖွဲ့စည်းပြီး တာဝန်ခံတွေကိုလည်း အတည်ပြုခဲ့ပြီ။”

ဆက်ပြီးလည်း ကချင်ပါတီများ ပေါင်းစည်းရေးတွင် မပါဝင်နိုင်ကြောင်း သဘောထား ထုတ်ပြန်ထားသည့် ကချင် အမျိုးသား ကွန်ဂရက် ပါတီ KNC/KNCD အပြင် လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (LNDP) တို့မှ ခေါင်းဆောင်များနှင့်လည်း ကချင်အမျိုးသားရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးလွမ်းဇောင်း က ပြောပါသည်။

စနေနေ့ အစည်းအဝေးတွင်း ဖွဲ့စည်းခဲ့သည့် ဌာနများကို ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ KSDP ဥက္ကဌ ဒေါက်တာတူးဂျာ၊ ကချင် ဒီမိုကရက်သစ် ပါတီ KDP ဥက္ကဌ ဦးကွမ်ဂရောင်အောင်ခမ်း နှင့် လော်ဝေါ် အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ LNUDP ဥက္ကဌ ဒေါက်တာ ဒေါင်ခမ် တို့မှ သဘောတူ လက်မှတ် ရေးထိုးကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။


0 comments:

Post a Comment