Tuesday, May 31, 2016

သဘာဝ ဘေးဒဏ်ခံ ခေါင်လန်ဖူး ဒေသ စားနပ်ရိက္ခာ အကူအညီ လိုအပ် နေ


ကချင်ပြည်နယ် ပူတာအိုခရိုင် တောင်တန်းပေါ်ရှိ ခေါင်လန်ဖူးမြို့နယ်တွင် ဧပြီလဆန်းမှ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝ ဘေးဒဏ်ကြောင့် ဒေသခံပြည်သူများ စားနပ်ရိက္ခာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း သိရပါသည်။

ပူတာအိုမြို့ အရှေ့ဘက် မိုင် ၁၃၀ ကျော် ရှိ ခေါင်လန်ဖူး မြို့နယ်တွင် ဧပြီ ၁၀ ခန့်မှ စပြီး မေလ ကုန်ပိုင်း အထိ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးပြီး နှင်းပြိုကျမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယင်းကြောင့် ရွာပေါင်း (၁၆)ရွာနှင့် အိမ်ချေ (၈၀) ကျော် ပျက်စီးကာ တမြို့နယ်လုံးရှိ လူပေါင်း ၁၀၀၀၀ ကျော် သည် အထူးသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

လက်ရှိ ဆန်အိတ် တစ်အိတ်လျှင် ကျပ်ငွေ တစ်သိန်းကျော် အထိ မြင့်တက်နေ သော်လည်း ရောင်းချပေးမည့် သူ မရှိတလောက် ဖြစ်နေကြောင်းလည်း ဒေသခံများ ဆိုပါသည်။

ရေကြီး မြေပြိုမှုကြောင့် ယခုချိန် လမ်းပန်း ဆက်သွယ်ရေး စနစ်များ ပျက်တောက်နေပြီး စားနပ်ရိက္ခာအတွက် အခြားဒေသမှ တင်ပို့ရန် ခက်ခဲနေရခြင်းဖြစ်သည်။

ထို့အပြင် တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်စားသောက်နေရသည့် ခေါင်လန်ဖူး ဒေသတွင် ယခုနှစ် မိုး အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တောင်ယာ မီးမရှို့နိုင်သဖြင့် လာမည့်နှစ် အတွက် လည်း စားနပ်ရိက္ခာ ပြတ်လပ်မှု ပြဿနာကို ကြုံတွေ့ ရဖွယ်ရှိကြောင်း ဒေသခံများ တွေးပူနေကြပါသည်။

ကချင်ပြည်နယ် ခေါင်လန်ဖူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် အမတ် ဦး အာမိုးဆီ က လက်ရှိ ခေါင်လန်ဖူး ဒုက္ခရောက်နေသည့် ပြည်သူများကို ပြည်နယ်အစိုးရမှ အကူအညီပေးရန် လွှတ်တော်တွင် မေလ ၂၆ ရက်နေ့က အဆိုတင်သွင်းခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ခေါင်လန်ဖူးဒေသရှိပြည်သူ ၁၁၉၆၇ ဦး အတွက် ဆန်ဖိုး ၅၃၈၅၁၅၀၀ ကျပ်ကို ကချင်ပြည်နယ် သဘာဝ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့် ခွဲမှု ရံပုံငွေ သို့ ပေးအပ်ခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းခဲ့ပါသည်။

ကချင်ပြည်နယ် အစိုးရမှလည်း ခေါင်လန်ဖူး သို့  လာရောက်ကြည့်ရှုရန် ပြောဆိုထားသော်လည်း လမ်းပန်း ဆက်သွယ်ရေး မကောင်းသောကြောင့် မရောက်လာနိုင်သေးကြောင်း ဒေသခံများ ပြောသည်။



0 comments:

Post a Comment