Wednesday, May 25, 2016

မံစီမြို့နယ် အတွင်း အစိုးရတပ်နှင့် KIA နေ့စဉ် တိုက်ပွဲ ဖြစ်ပွား


ကချင်ပြည်နယ် မံစီမြို့နယ်တွင် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား နေ့တိုင်း လိုလို တိုက်ပွဲများ ဖြစ်ပွား နေပါသည်။

KIA တပ်ရင်း (၁၂) နှင့် (၂၇) နယ်မြေ စပ်ကြား ကုန်းခါး (Kunghka Pa) တစ်ဝိုက်တွင်လည်း ယနေ့ မနက် ၉ နာရီခန့် က စပြီး မွန်းလွဲ ၁ နာရီ အထိ အစိုးရတပ် ခမရ (၃၁၉)၊ ခမရ (၅၂၁) တပ်ဖွဲ့တို့နှင့် KIA တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO/KIA လိုင်ဇာမှ တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ က ပြောပါသည်။

ထို့အပြင် မံစီမြို့နယ်သို့ စစ်ကူအဖြစ် ချီတက်လာသော အစိုးရတပ်များ သည်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် (Kutkai)၊ နမ့်ဖတ်ကာ (Nam Hpak Ka) နားထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများမှ သိရသည်။

မေလ ၁၅ ရက်မှ စတင် ပြန်လည်ဖြစ်ပွားခဲ့သော အစိုးရတပ်နှင့် KIA တပ်ရင်း (၁၂)၊ (၂၇) တို့ တိုက်ပွဲတွင် အစိုးရတပ် အင်အား ပိုပို တိုးချဲ့ ဝင်လာသောကြောင့် တိုက်ပွဲ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားမည့် အခြေအနေ ရှိကြောင်း KIA ဒုဗိုလ်မှူးကြီး နော်ဘူ က ပြောပါသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ (၆) တပ်ရင်း (၃၈)နှင့် အစိုးရတပ်မ ၉၉ တို့ကြား မုန်းကိုး- ဖောင်းဆိုင်ကြား မန်ပင်းရွာ (Man Ping) တစ်ဝိုက်တွင်လည်း မေလ ၂၂ ရက်နေ့မှ စပြီး နေစဉ်လိုလို တိုက်ပွဲ များ ဖြစ်ပွားနေပါသည်။


0 comments:

Post a Comment