Friday, May 6, 2016

ဟူးကောင်း လယ်သမားများနှင့် ယုဇန ကုမ္ပဏီ ကြား ပြဿ နာ ပြန် ဖြစ်လာ


ဟူးကောင်း လယ်သမားများနှင့် ယုဇန ကုမ္ပဏီ ကြား ပြဿနာပြန် ဖြစ်လာ

မေလ ၄ ရက်နေ့ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း လီဒို လမ်းမပေါ်ရှိ နောင်းမီ (Nawng Mi) ကျေးရွာအုပ်စုမှာ မြေယာကိစ္စနှင့် ပတ်သက်ပြီး ဒေသခံတောင်သူများနှင့် ယုဇန ကုမ္ပဏီ တို့ဖြစ်ပွားခဲ့သည့် အရေးပေါ် ပြဿ      နာကို မနက်ဖြန် ဖားကန့်မြို့နယ် တာဝန်ရှိသူများမှ လာရောက်ဖြေရှင်းမည် ဖြစ်ပါသည်။

နောင်းမီ (Nawng Mi) ကျေးရွာအုပ်စုမှာ ပါဝင်တဲ့ တိန်ဂေါဘွမ် (Tinggaw Bum)၊ နွမ်ဘရော့ယာန် (Numbraw Yang)၊ လမုန်ဒွမ် (Lamung Dum)၊ ဒဂရောမ်ယာန် (Dagrawm Yang) နှင့် ခကျန်ယာန် (Hka Chyang Yang) နေရာ ၅ ခုမှာ မေလ ၄ ရက်နေ့ မနက်က ယုဇန ကုမ္ပဏီလူကြီးများနှင့် တကွ လူဦးရေစုစုပေါင်း ၈၀ ယောက်၊ ကား ၉ စင်း၊ ဘက်ဖိုး ၁ စီဖြင့် ရောက်လာကာ တောင်သူများ၏ ယာခင်းကို မြေတူးစက်ဖြင့် ဖျက်ဆီးကာ ပိုင်နက်မြေ မကျူးကျော်ရ သတ်မှတ်ခဲ့သောကြောင့် ဒေသခံ တောင်သူ အင်အား ၂၀၀ ကျော်နှင့် ရုန်းရင်းဆန်ခတ် ဖြစ်မည့် အလားအလာအထိ ရှိခဲ့သည်ဟု မြေသိမ်းခံ လယ်သမားများနှင့် ဖွဲ့စည်းထားသော ကချင်လူမှုအဖွဲ့အစည်း (Mung Chying Rawt Jat – MRJ) ဟူးကောင်းတာဝန်ခံ ဦးလရှီးအောင်လတ် (Slg. Lashi Awng Lat) က ပြောသည်။

မနက်ဖြန်တွင် လယ်ယာအသိမ်းခံထားရသော နေရာများမှ တောင်သူများ ၁၇ ဦးနှင့်ဖွဲ့စည်းထားသည့် အဖွဲ့နှင့် ယုဇနကုမ္ပဏီတို့ သည် အစိုးရနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးမည့် အချိန်နှင့် နေရာကိုမှု မသိရသေးကြောင်းနှင့် မြို့နယ်အရာရှိများကို ယုဇနဘက်မှ ယနေ့ညနေ သွားရောက်ခေါ်ယူနေကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် ဒေသခံ ကချင်တောင်သူများ ကလည်း ဘိုးဘွားတို့ ပိုင်နက်လယ်မြေ ဖြစ်သဖြင့် လက်မလျော့နိုင်ကြောင်းနှင့် ယုဇနကုမ္ပဏီဘက်မှလည်း အစိုးရ ခွင့်ပြုမိန့်နှင့် လုပ်တာကြောင့် နောက်မဆုတ်နိုင်သည့် အခြေအနေတွင် နှစ်ဖက် တင်းမာနေကြောင်း သူက ပြောပါသည်။

ယခင် စစ်အစိုးရ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်ထက် ၂၀၀၆ မှစပြီး ကချင်ပြည်နယ် ဟူးကောင်းဒေသကို ယုဇန ကုမ္ပဏီ ဝင်လာပါသည်။ ဟူးဟောင်းချိုင့်ဝှမ်း ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ် ဒေသခံပြည်သူများ၏ လယ်ယာမြေများ သိမ်းယူခဲ့ပြီး လျှော်ကြေးပေးရန်လည်း ပျက်ကွက်ခဲ့ပါသည်။

ယုဇန ကုမ္ပဏီ၏ ဖားကန့်မြို့နယ်အတွင်း မြေယာသိမ်းပိုက်ထားမှုမှာ ဧကပေါင်း ၂၇၀၀၀၀ ကျော်ရှိကြောင်း ဦး လရှီးအောင်လတ်က ပြောပါသည်။

ယခု ပြဿနာဖြစ်နေသော နောင်းမီကျေးရွာအုပ်စုတွင် ယခင် ယုဇန ကုမ္ပဏီမှ သိမ်းပိုက် လုပ်ကိုင်ပြီး တခါသာ စိုက်ပျိုးခဲ့သည့် နေရာတွင် ဒေသခံများ ပြန်လည် အသက်မွေးဝမ်းကြောင်း ပြုလုပ်နေရာမှာ ထပ်မံ ပြန်လာပြီး မောင်းထုတ် နေခြင်းဖြစ်သည်။

သို့သော်လည်း ဒေသခံပြည်သူများက လက်ရှိ အရပ်သားအစိုးရသစ် သည် ပြည်သူဘက် ရပ်တည်ပေးမည်ဟု အပြည့်အဝ အားကိုးနေကြပါသည်။


0 comments:

Post a Comment