Monday, May 9, 2016

အစိုးရ တပ်မ ၉၉ နှင့် KIA တပ်ရင်း ၂ ကြား အချိန်တို တိုက်ပွဲ ဖြစ်ပွား

အစိုးရ တပ်မ ၉၉ နှင့် KIA တပ်ရင်း ၂ ကြား အချိန်တို တိုက်ပွဲ ဖြစ်ပွား

အစိုးရ တပ်မ ၉၉ စစ်ကြောင်းနှင့် KIA တပ်ရင်း ၂ ကြား ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲ နှင့် မုန်းစီး ကြား မန်ရန်း (Man Yen) အနီးတွင် မေ ၈၊ ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့် အချိန် ခဏကြာ တိုက်ပွဲဖြစ်ခဲ့ပါသည်။

ယင်းနေရာသည် မန်ဂျယ် ကျေးရွာနှင့် ပိုမို နီးစပ်လျှက်ရှိပြီး KIA တပ်မဟာ ၆ လက်အောက် တပ်ရင်း ၂၊ တပ်ခွဲ ၁ များ စခန်းချနေသည့် နေရာကို အစိုးရတပ်မ ၉၉ စစ်ကြောင်းများ တိုးဝင်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ ၆ အရာရှိတဦး ကချင်သတင်းဌာန KNG ကို ပြောခဲ့ပါသည်။

ယခုချိန် ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၈ နယ်မြေ၊ မုန်းဝီး ဘက်တွင် လည်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အချင်းချင်းဖြစ်သည့် ရှမ်းတပ် RCSS နှင့် တအောင်းတပ် TNLA တို့ကြား လွန်ခဲ့သည့် အပတ်မှ စပြီး တိုက်ပွဲပြင်းထန်စွာ ပြန်လည် ဖြစ်ပွားလာပါသည်။ ယခုပြဿနာကို စစ်ရေးဖြင့် မဖြေရှင်းခြင်းမပြုရန် ‘ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC’ မှ ‘မလိုက်နာသည့် အဖွဲ့ကို အရေးယူမည့်အကြောင်း’ ပြင်းပြင်းထန်ထန် သတိပေးထားသည့်ကြား ယခုလို ဆက်လက် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။

နေပြည်တော် အစိုးရနှင့် တပ်မတော် သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းနှင့် တအောင်း အမျိုးသားကြား ယခုလို ပြဿနာဖြစ်အောင် ဖန်တီးပေးပြီး၊ တစ်ဖက်တွင်လည်း ကချင်ပြည်နယ်တွင်း ဌာနေ ကချင်နှင့် ရှမ်းနီတို့ကြား ပြဿနာဖြစ်အောင် လုပ်ဆောင်နေကြောင်း စစ်ရေး သုံးသပ်သူများ ပြောဆိုနေမှုလည်း ရှိနေပါသည်။


0 comments:

Post a Comment