Monday, May 2, 2016

KIA နယ်မြေတွင် TNLA နှင့် RCSS တို့ ၂ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်


RCSS နှင့် TNLA တို့ KIA တပ်မဟာ ၄ နယ်မြေတွင် တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၈ နယ်မြေတွင် တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရပါသည်။

KIA တပ်မဟာ ၄ နယ်မြေတွင် ယမန်နေ့ မနက် ၉ နာရီခန့်မှ စတင်ခဲ့ သော TNLA နှင့် RCSS တို့၏ တိုက်ပွဲသည် ယခုချိန်ထိ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကာ ထိခိုက်ကျရှုံးမှုများ ရှိနေကြောင်း ယင်းဒေသရှိ KIA အရာရှိတဦးက ကချင်သတင်းဌာန KNG ကိုပြောသည်။

တိုက်ပွဲနေရာသည် ကွတ်ခိုင်-မူဆယ်ကားလမ်း၊ ဟူဖြတ် (Hu Hpyet) အနီးတစ်ဝိုက်တွင်ဖြစ်ပြီး ယင်းဒေသသည် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၈ နယ်မြေဖြစ်ပါသည်။

TNLA နှင့် RCSS တို့သည် ၂၀၁၅ အောက်တိုဘာလ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA အပြီး ရှမ်းမြောက်တွင် တိုက်ပွဲ စတင်ဖြစ်လာသည်မှာ ယခုထိ ဖြစ်ပါသည်။

တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ မတ် ၂၆-၂၈ သုံးရက်သာ ‘ဝ’ ပြည် ပန်ခမ်း အစည်းအဝေး ထုတ်ပြန်ချက်တွင် ရှမ်းမြောက်တွင် ဖြစ်ပွားနေသော ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် တအောင်း တပ်မတော် TNLA တို့၏ ပဋ္ဋိပက္ခကိုသာ အမြန်ဆုံး ဆွေးနွေး အဖြေရှာကြရန်တိုက်တွန်း ထားပါသည်။

အကယ်၍ တစ်ဖက်က ပြဿနာဖြစ်အောင် ဆက်လက် လုပ်ဆောင်နေပါက တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ အနေဖြင့် ပူးပေါင်း တားဆီး ကာကွယ်သွားမည် ဖြစ်ကြောင်းကို သတိပေးခဲ့ပါသည်။


0 comments:

Post a Comment