Tuesday, May 3, 2016

အစိုးရတပ် မှ တရုတ်နယ်စပ် KIA သစ် စခန်း ၂ ခုကို တိုက်ခိုက် သိမ်းပိုက်


အစိုးရတပ်မှ တရုတ်နယ်စပ် KIA သစ်စခန်း ၂ ခုကို တိုက်ခိုက် သိမ်းပိုက်

အစိုးရတပ် စစ်ကြောင်းမှ ကချင်ပြည်နယ်အရှေ့ဘက်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA ၏ တရုတ် နယ်စပ်အနီး သစ် စခန်း ၂ ခုကို နှစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မေလ ၁ ရက် တနင်္ဂနွေနေ့ ပါတော် (Pa Daw) အနီး ကျောက်ကြီး သစ် စခန်းရှိ KIA တပ်ရင်း (၁) စခန်းကြီးသို့ အစိုးရတပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက် ခမရ ၄၃၇ စစ်ကြောင်းမှ ထိုးဖောက် တိုက်ခိုက် လာစဉ် KIA ဘက်မှ ကြီးမားစွာ ခုခံမှု မပြုဘဲ ဆုတ်ခွာပေးခဲ့သည်။

KIA တပ်များမှ တနင်္ဂနွေနေ့ ယင်းစခန်းကို ဆုတ်ခွာပေးပြီးနောက် အနီးရှိ သစ် စခန်းငယ် တစ်ခုတွင် ပြန်နေရာချရာ အစိုးရတပ်မှ တစ်ညလုံး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

ထို့နောက် နောက်နေ့ မေလ၂ ရက်နေ့တွင် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ KIA ဘက်မှ အနည်းဆုံး တစ်ဦး ကျဆုံးပြီး ယင်းစခန်းကိုလည်း ထပ်မံ လက်လွတ်ခဲ့ရကြောင်း KIA ရှေ့တန်းသတင်းများမှ သိရပါသည်။

ယင်း KIA သစ် စခန်း ၂ ခုတွင် အစိုးရတပ်များ ဆက်ရှိနေကြောင်း သိရပါသည်။

ယခု တိုက်ပွဲနှင့် ပတ်သက်ပြီး လိုင်ဇာ ဗဟို ဌာနချုပ်မှ KIA တာဝန်ရှိသူ ဒုဗိုလ်မူးကြီးနော်ဘူ က “ထိတွေ့ ရင်ဆိုင် တိုက်ပွဲသာ ဖြစ်တယ်။ တစ်ခုက အဲဒီဘက်မှာ အစိုးရတပ်တွေက ဘာလို့ အတင်း ဝင်ရောက် လာတာလဲ၊ ဘာရည်ရွယ်ချက် ရှိသလဲ ဆိုတာကတော့ ကျနော်တို့လည်း စုံစမ်းနေဆဲဖြစ်တယ်” လို့ ကချင်သတင်းဌာန KNG ကိုပြောပါသည်။

တိုက်ပွဲဖြစ်ပွားသော နေရာသည် တရုတ်နယ်စပ် အနီး မံစီမြို့ (Man Je) အရှေ့ဘက် KIA တပ်မဟာ (၃) လက်အောက် တပ်ရင်း (၁) နေရာ၌ ဖြစ်သည်။

ယင်းသည် တရုတ်ပြည်ဘက်ခြမ်းရှိ အကြီးဆုံး နောင်တောင်း (Nongdao) သစ် စခန်းသို့ သွားသော လမ်းကြောင်းလည်း ဖြစ်ပါသည်။

ဧပြီ လဆန်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ သစ် တက်လာချိန်မှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရတပ်နှင့် KIA တပ်ကြား တိုက်ပွဲ ပြန်စလာပြီး တိုက်ပွဲဖြစ်ပွားသော နေရာလည်း ပို၍ ကျယ်ပြန့်လာနေပါသည်။

KIO/KIA ဗဟို ဌာနချုပ် လိုင်ဇာအနီး KIA တပ်ရင်း (၁၈) ရှေ့တန်း စခန်းငယ် (၄) ခုကိုလည်း ဧပြီလ အတွင်း အစိုးရတပ်များ တိုက်ခိုက် သိမ်းပိုက်ခဲ့ပါသည်။


0 comments:

Post a Comment