Wednesday, May 18, 2016

ကချင် ဆရာမ ၂ ဦး အမှု စစ်ကြောင်းမှူးအား စစ်မေးခွင့် မရခဲ့

ကချင် ဆရာမ ၂ ဦး အမှု စစ်ကြောင်းမှူးအား စစ်မေးခွင့် မရခဲ့

ကချင် စေတနာ့ ဝန်ထမ်း ဆရာမ နှစ်ဦး အတင်း အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတွင် စွပ်စွဲခံထားရသော မြန်မာစစ်တပ် ခမရ (၅၀၃) စစ်ကြောင်းမှူး သည် ယနေ့ လားရှိုး ခရိုင်ရဲတပ်ဖွဲ့ရုံး သို့ လာရောက်ခဲ့သော်လည်း KBC အမှုမှန် ဖော်ထုတ်ရေး အဖွဲ့နှင့် မေးမြန်းခွင့် မရခဲ့ကြောင်း သိရသည်။

စွပ်စွဲခံရသူ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) အောက် သီပေါ နယ်မြေခံ ခမရ (၅၀၃) စစ်ကြောင်းမှူး ဗိုလ်မှူး အောင်ဖြိုးမြင့် (ကြည်း ၃၄၁၀၂) ကို မေးမြန်းခွင့် မရခဲ့ခြင်းနှင့် ပတ်သက်ပြီး အမှုမှန် ဖော်ထုတ်ရေး ကော်မတီ ခေါင်းဆောင် ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာ Rev. Dr. Hkalam Samson က ယခုလို ပြောပါသည်။

“ဒီနေ့ကတော့ ရဲမှုးနှင့် ကျနော်တို့ တွေ့ဆုံခြင်း လောက်ပါပဲ၊ အဲဒီစစ်ကြောင်းမှူးနဲ့ ကျနော်တို့ ဘာမှ ပြောဆို တဆင့် မေးခြင်းလည်း မလုပ်ခဲ့ဘူး၊ တိုက်ရိုက် မေးခြင်းလည်း မလုပ်ခဲ့ပါဘူး။ မေးဖို့လည်း အခွင့်အရေး မရခဲ့ပါဘူး။”

ရဲတပ်ဖွဲ့ရုံး သို့ ရောက်လာသည့် KBC အမှုမှန်ဖော်ထုတ်ရေးကော်မတီမှ ကိုယ်စားလှယ် ၆ ဦးက စစ်ကြောင်းမှူးကို တိုက်ရိုက် မေးမြန်းချင်သော်လည်း အစိုးရဘက် ခွင့်မပြုတဲ့အတွက် ရှေ့နေ သဘောတရား အရ အမှားအယွင်းများ ဖြစ်လာနိုင်သောကြောင့် ရဲမှုးနှင့်တွေ့ဆုံမှုသာ ဖြစ်နိုင်ခဲ့သည် ဟု ဆရာ Samson က ဆက်ပြောပါသည်။

ထို့ကြောင့် KBC အမှုမှန်ဖော်ထုတ်ရေးကော်မတီ က စစ်ကြောင်းမှူးနှင့် တွေ့ဆုံမေးမြန်းခွင့် မရခြင်းနှင့် ပတ်သက်ပြီး လာမည့်အပတ်အတွင်း အစည်းအဝေးတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

‘တရားမှု ရှာဖို့ နှောင့်နှေးခြင်းမှာ တရားမှုကို ငြင်းပယ်ခြင်းပါ’ အစီရင်ခံစာတွင် အဓမ္မပြု့ကျင့်သူ အမှု ကျူးလွန်သူ အဖြစ် သံသယဖြစ်ဖွယ် အရှိဆုံးမှာ ယင်း ခမရ (၅၀၃) မှ ဗိုလ်မှူး အောင်ဖြိုးမြင့်နှင့် သူ၏ တပ်ဖွဲ့ဝင်တချို့ ဖြစ်နိုင်သည်ဟု ကချင်အမျိုးသမီးများ အစည်းအရုံး ထိုင်းနိုင်ငံ (KWAT) နှင့် ဥပဒေ အထောက်အကူပြု ကွန်ရက် (LAN) တို့၏ ၂၀၁၆ ဇန်နဝါရီ ၁၉ ပူးတွဲ အစီရင်ခံစာတွင် ခိုင်လုံစွာ သက်သေနှင့် တကွ တင်ပြ ထားသည်။

ဆရာမ မရန်လုရာ (Maran Lu Ra) နှင့် ဆရာမ တန်ဘောင် ခေါန်နန်စင် (Tangbau Hkawn Nan Tsin) တို့ နှစ်ဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ အရှေ့ဘက် မိုင် ၂၀ခန့် အကွာ ကောင်းခါးရွာ တွင် KBC အဖွဲ့ချုပ်မှ စေလွှတ်သော ကျောင်းဆရာမ အဖြစ် ၈ လခန့် တာဝန် ထမ်းဆောင်နေခြင်းဖြစ်သည်။ ထိုချိန် ၂၀၁၅ ဇန်နဝါရီ ၁၉ ရက်ည သန်းခေါင်ယံ ခန့်က ၎င်းတို့ နှစ်ဦး နေထိုင်သော ဘုရားကျောင်းဝင်းသို့ ရွာ အတွင်းရှိ ခမရ (၅၀၃) စစ်သားများ ၀င်ရောက်ကာ အုပ်စုလိုက် အဓမ္မပြုကျင့် ကာ ရက်ရက်စက်စက် သတ်ဖြတ် ခံခဲ့ရသည်။

ပြစ်မှု ကျူးလွန်သော တရားခံ စစ်သားများကို မေးမြန်း စစ်ဆေးခွင့်ပေးရန် KBC အဖွဲ့ချုပ် အမှုမှန် ဖော်ထုတ်ရေး ကော်မတီ မှ ယခင် အစိုးရ အဖွဲ့နှင့် သမ္မတ ဦးသိန်းစိန် ကို စာရေး တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ပေ။


0 comments:

Post a Comment