Thursday, May 26, 2016

အစိုးရ အဖွဲ့သစ် အောက်မှာလည်း တိုက်ပွဲ ပိုပြင်းထန်နိုင်ကြောင်း KBC ပြော


မြန်မာ အစိုးရသစ် လက်ထက်တွင်လည်း ယခင်အစိုးရ နည်းတူ ကချင်ဒေသတွင်း တိုက်ပွဲ ပိုမို ပြင်းထန် လာဖွယ်ရှိကြောင်း ကို ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC က ၎င်း၏ ပြည်တွင်း ပြည်ပ အသင်းတော်များ သို့ မေလ ၂၄ ရက်နေ့ အသိပေး ကြေညာချက် ထုတ်ပြန်လိုက်သည်။

အကြီးဆုံး ကချင် သင်းတော် KBC အဖွဲ့ချုပ်၏ ထုတ်ပြန်ချက် တွင် အကြောင်းအရာ (၆) ခုပါဝင်ရာ ပထမဆုံး အချက်အနေဖြင့် အစိုးရသစ်လက်ထက် တိုက်ပွဲ ပိုပြင်းထန်လာဖွယ်ရှိကြောင်းကို ယခုလို သတိပေးထား သည်။

“မြန်မာပြည်သည် ၂၀၁၆ ဧပြီလမှ စပြီး အစိုးရသစ် ပြောင်းလဲခဲ့ပြီ ဖြစ်သော်လည်း ကျွနိုပ်တို့ ကချင် တိုင်းရင်းသားများ နေထိုင်သည့် နေရာဒေသများတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါသည်။ အစိုးရတပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှု ပိုများလာပါသည်။ ယခင်အစိုးရနည်းတူ ပို၍ ပင် ပြင်းထန်လာဖွယ် ဖြစ်နေပါသည်။”

ထို့အပြင် စစ်ပြေးဒုက္ခသည် စခန်းများတွင် တိမ်းရှောင်နေရသည့် ကချင်ပြည်သူများသည်လည်း လာမည့် ဇွန်လ ၉ ရက်တွင် ၅ နှစ်ပြည့်ပြီဖြစ်သည်။ ယခုချိန် ပြည်ပ နိုင်ငံများ၏ အကူအညီများလည်း တဖြည်းဖြည်း လျော့နည်းသွားခြင်းကြောင့် ဒုက္ခသည် မိသားစုများ  အခက်အခဲ ပိုများလာကြောင်း ဆိုထားသည်။

ထို့ကြောင့် ကချင်ဒေသ (ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း) တကျော့ပြန် စစ်ဖြစ်ခြင်း ၅ နှစ်ပြည့်နေ့ တွင် အသင်းတော်များ မိမိနှင့် နီးစပ်ရာအသင်းတော်များနှင့် စုပေါင်းပြီး အစာရှောင်ဆုတောင်းလျှက် ဘုရားသခင်ထံ အားယူရန် တိုက်တွန်းထားပါသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ငြိမ်းချမ်းရေးလက်မှတ်ထိုးရန် KBC အဖွဲ့ချုပ် မှ တဆင့် ဖိအားပေးရန် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)/ အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှုး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် မှ ဧပြီလ ၇ ရက်နေ့က မြစ်ကြီးနား KBC ရုံးသို့ ကိုယ်တိုင် လာရောက် တိုက်တွန်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ တက်လာသည့် တစ်ပတ်အတွင်း က ပင် တပ်မတော် မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လာသည်မှာ ယနေ့ထိပင်ဖြစ်ပြီး မံစီမြို့နယ်တွင်း KIA တပ်စခန်းများကို မေလ ၁၇၊ ၁၈ တွင် ဂျက်တိုက် လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြုကာ ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရေးကို စောင့်ဆိုင်းနေချိန် နှစ်ဖက် တိုက်ပွဲများသည် အရှိန်မြင့်မား လာနေပြီ ဖြစ်သည်။


0 comments:

Post a Comment