Monday, May 16, 2016

NDF ပါတီမှ ဒေါ်ဘောက်ဂျာ ဘာကြောင့် နှုတ်ထွက် သွား သလဲ

NDF ပါတီမှ ဒေါ်ဘောက်ဂျာ ဘာကြောင့် နှုတ်ထွက် သွား သလဲ

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာ သည် သူမ၏ ပါတီမှ အပြီးအပိုင် ရပ်နားလိုက်ခြင်းမှာ အဓိက အကြောင်းရင်း ၄ ခု ရှိကြောင်း ပြောပါသည်။

မိမိ အမျိုးသားရေးမှာ လွတ်လွတ် လပ်လပ် ပါဝင် လုပ်ဆောင်လိုခြင်း၊ မတရား သိမ်းဆည်း ခံထားရသည့် လယ်ယာမြေများကို မရ ရအောင် တရားဥပဒေ နည်းလမ်းဖြင့် ကြိုးစားသွားလိုခြင်း၊ တောင်သူ လယ်သမားများ ၏ ဘ၀ တိုးတက်မြှင့်မားလာရေး လက်တွေ့ လုပ်ဆောင် ပေးလိုခြင်းနှင့် ပါတီ နာမည်ခံပြီး ကိုယ့် အကျိုးစီးပွား ရှာလိုသော စိတ်ဆန္ဒ မရှိခြင်း များကြောင့် ဖြစ်သည်ဟု ဒေါ်ဘောက်ဂျာ က ကချင်သတင်းဌာန KNG ကိုပြောပါသည်။

လက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေသော ဟူးကောင်းချိုင့်ဝှမ်း ဒေသခံများမှ ယုဇန ကုမ္ပဏီ သိမ်းယူထားသော လယ်ယာမြေများ အားလုံး ပြန်လည်ရရှိရေး၊ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း လုံးဝ ရပ်ဆိုင်းသွားရေးနှင့် ပူတာအိုခရိုင် မချမ်းဘော့မြို့ ကျောက်နဂါး သိမ်းယူခြင်း မူလအတိုင်း ပြန်လည် ရရှိရေး ကိစ္စရပ်များကို သူမ အဓိကထား လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ပြောပါသည်။

ပါတီမှ နှုတ်ထွက်သော အကြောင်းကြားစာကို ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ သို့ မေလ ၇ ရက်နေ့ ပေးပို့ပြီး ၈ ရက်နေ့တွင် နှုတ်ထွက်ခဲ့ကြောင်း သိရပါသည်။

ဒေါ်ဘောက်ဂျာသည် NDF ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ်တွင် ယှဉ်ပြိုင်ခဲ့သော်လည်း နှစ်ကြိမ်လုံးတွင် ရှုံးနှိမ့်ခဲ့ပါသည်။

လယ်ယာမြေ အသိမ်းခံရသော ပြည်သူများဘက် ဥပဒေနည်းလမ်းဖြင့် ရပ်တည်ပေးသောကြောင့် ရှေ့နေ တဦးလည်း ဖြစ်သူ ဒေါ်ဘောက်ဂျာ သည် ကချင်လူမှု ထူးချွန်ဆု ၂ ဆုကို ချီးမြှင့်ခံရသည်။ ဥရောပ ကချင် အသိုင်းအ၀ိုင်းမှ ပေးသော ‘Kachin Civilian Defender’ ဆုကို ၂၀၁၁ ခုနှစ်တွင် ရရှိပြီး အမေရိကန် နိုင်ငံ Mid-Atlantic ကချင် ခရစ်ယာန် အဖွဲ့အစည်းမှ ပေးသော ‘Myusha Gintawng’ ဆုကို ၂၀၁၂ ခုနှစ်တွင် ရရှိခဲ့သည်။



0 comments:

Post a Comment