Tuesday, May 17, 2016

အစိုးရတပ် နှင့် KIA မံစီမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွား နေ

အစိုးရတပ် နှင့် KIA မံစီမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွား နေ

အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ် ကြား ဗန်းမော်ခရိုင် မံစီမြို့နယ် KIA တပ်မဟာ (၃) အောက် တပ်ရင်း (၂၇) နယ်မြေမှာ ယနေ့ သုံး ရက်မြောက် တိုက်ပွဲဖြစ်ပွားနေပါသည်။

ဗန်းမော်-မန်ဝင်းကြီး ကားလမ်းမကြီး အနီး တောင်ဘက်ခြမ်းတွင်ဖြစ်ပြီး မေလ ၁၅၊ ၁၆ နှင့် ၁၇ ယနေ့ အထိ တိုက်ပွဲ ငယ်များ ဖြစ်ပွားနေကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO/KIA လိုင်ဇာ ဗဟိုဌာနချုပ်မှ ဒုဗိုလ်မှူးကြီး နော်ဘူ ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောပါသည်။

မေလ (၁၅) ရက်နေ့ မနက်ပိုင်းကလည်း KIA တပ်ရင်း (၂၇) နယ်မြေ ခ ရှန်ပါ (Hka Shang Pa) ဘက်ကို အစိုးရတပ် ဗန်းမော် နယ်မြေခံ ခလရ (၂၃၇) နှင့် မိုးမိတ် နယ်မြေခံ ခလရ (၂၇၆) တပ်တို့ စစ်ရေး လှုပ်ရှား ဝင်ရောက်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် (၁၆) ရက် ညနေပိုင်းတွင်လည်း အစိုးရတပ် မံစီ နယ်မြေခံ ခမရ (၆၀၁) စစ်ကြောင်းနှင့် KIA တို့ အူလန်ပါ (Ulang Pa) ဘက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း KIA ရှေ့တန်းသတင်းမှ သိရသည်။

(၁၆) ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့် အူလန်ပါ (Ulang Pa) ဘက်မှာပဲ ယနေ့ မနက်ပိုင်း ၁၀ နာရီခွဲ ခန့် ကလည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပါသည်။

KIA ၏ မိုင်းဖြင့် ခုခံ တိုက်ခိုက်မှုတွင် အစိုးရတပ်ဘက် အထိနာမည့် အခြေအနေတွင် ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ထို့အပြင် အစိုးရတပ်က နေရာအနှံ စစ်ရေးလှုပ်ရှားလာတဲ့အတွက် တိုက်ပွဲကြီးဖြစ်လာနိုင်ကြောင်း KIA တပ်မဟာ (၃) မှူး ဗိုလ်မှူးကြီး တူးဂျာ ကလည်း မဇ္ဈိမ သတင်းဌာန ကို ယမန်နေ့က ပြောခဲ့ပါသည်။

အစိုးရတပ်နှင့် KIA တပ် ကြား မေလ (၅) ရက်နေ့မှ စတင်ကာ ဖားကန့် ကျောက်စိမ်းမှော် တွင် တိုက်ပွဲ ပြင်းထန်လာခဲ့ပြီး မေ ၁၀ ရက်နေ့တွင် KIA တပ်ရင်း (၆) ဌာနချုပ် ကို အစိုးရတပ်မှ သိမ်းပိုက်ခဲ့သည်။

ယခု အစိုးရတပ်နှင့် KIA တပ်ကြား ဖားကန့် ကျောက်စိမ်းမှော်နှင့် မံစီ နှစ်မြို့နယ်မှာ တိုက်ပွဲများ ပြင်းထန်လာနေချိန် ဟူးကောင်းချိုင့်ဝှမ်း KIA တပ်မဟာ (၂)၊ တပ်ရင်း (၁၄) နယ်မြေ ပယင်းမှော် ဘက်တွင်လည်း နှစ်ဖက် တိုက်ပွဲ ဖြစ်လာနိုင်သည့် အခြေအနေမှာ ရှိကြောင်း ဒေသခံများ ဆိုပါသည်။


0 comments:

Post a Comment