Saturday, February 27, 2016

ရှမ်းမြောက် ဗကပ နယ်မြေ တွင် KIA တပ်မဟာ (၆) ဖွဲ့စည်း

ကေအိုင်အေ တပ်မဟာ ၆ ဖွင့်ပွဲ မိုင်ဂျာယန်

ရှမ်းပြည်နယ် မြောက်ပိုင်း ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ ထိန်းချုပ်ဒေသတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA ၏ တပ်မဟာ (၆)ကို ဖေဖော်ဝါရီ (၂၆) သောကြာနေ့က တရားဝင် ဖွဲ့စည်းခဲ့ပါသည်။

ထို့ကြောင့် ယခု အသစ်ဖွဲ့စည်းလိုက်သော KIA တပ်မဟာ (၆)ကို ယခင် ဗကပ (Communist Party of Burma, CPB) အခြေစိုက်ရာ မုန်ဘော် (Mungbaw)၊ မုန်းကို (Munggu)နှင့် ဖောင်းဆိုင် (Hpawng Seng) နယ်မြေ သုံးခုတွင် အခြေချ သွားမည်ဖြစ်သည်။

၁၉၈၉ CPB ဗမာပြည် ကွန်မြူနစ် ပါတီ ပြိုကွဲသွားပြီးနောက် ၎င်းဒေသများတွင် ၂၀၁၁ မှ ထင်ထင်ရှားရှား လှုပ်ရှားလာသည့် ဗကပ မှ ကချင်ရဲဘော်များ ပါဝင် ဖွဲ့စည်းသော United Kachinland Army (UKA) တပ်ကို KIA တပ်မဟာ (၆) အဖြစ် ပြန်လည် ဖွဲ့စည်းလိုက်ခြင်းလည်း ဖြစ်သည်။

“အရင် မုန်းကို က UKA တပ်ရင်း ၃၈ နဲ့ ၃၆ တပ်တွေကို KIA တပ်မဟာ (၄)မှ ခေါ်သွားတယ်။ အဲဒါကို အခု ပြန်လည် ဖွဲ့စည်းပေးခြင်းဖြစ်သည်” ဟု တရုတ်နယ်စပ်မှ UKA စစ်ဗိုလ်ဟောင်းတစ်ဦး ကချင်သတင်းဌာန KNG ကိုပြောသည်။

တပ်မဟာ သစ် အတွက်  စစ်ရေးနှင့် အုပ်ချုပ်ရေး တရားဝင် ဖွဲ့စည်းပေးလိုက်ခြင်း ဆုတောင်းပွဲ အစီစဉ်ကို KIA တပ်မဟာ ၃ နှင့် ၄ ဌာနချုပ်ရှိရာ မိုင်ဂျာယန် (Mai Ja Yang) တွင် ပြုလုပ်ခဲ့ပါသည်။

၎င်း တပ်မဟာ သစ် ဖွဲ့စည်းခြင်း အစီစဉ်သို့ လိုင်ဇာ KIO/KIA ဗဟို ဌာနချုပ်မှ ဒု-စစ်ဦးချုပ် ၂ဦးနှင့် ဗဟိုအရာရှိများလည်း တက်ရောက်ခဲ့ ပါသည်။

“လက်ရှိ မြန်မာအစိုးရနှင့် တပ်မတော်သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို စစ်ရေးနိုင်ငံရေး လက်နက်သဖွယ် အသုံးချလာနေကြောင်း တွေ့မြင်နေရပါသည်။ ဤသို့ သွေးခွဲအနိုင်ယူရေး၊ စစ်ရေးနိုင်ငံရေး မဟာဗျူဟာဖြင့် တိုင်းရင်းသား အချင်းချင်းကြား လူမျိုးရေးမုန်းတီးမှုကို ဖြစ်ပေါ်စေသည့် လက်ရှိ အစိုးရတပ်မတော်၏ လုပ်ရပ်များအပေါ် ပြင်းထန်စွာ ရှုံ့ချလိုက်ကြောင်း” NCA လက်မှတ် မထိုး ရသေးသော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ တပ်ပေါင်းစု UNFC က ဖေဖော်ဝါရီ ၂၁ နေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါသည်။

ယမန်နှစ် အောက်တိုဘာ လ NCA လက်မှတ် ရေးထိုး အပြီး ရှမ်းပြည်နယ် တောင်ပိုင်းရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်ဖွဲ့များသည် ယခင် ၎င်းတို့ တပ်စွဲထားခြင်း မရှိသော ပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၄)နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နယ်မြေများ သို့ ၀င်ရောက်လာပြီး တပ်စခန်းသစ်များ ချထားနေပြီဖြစ်သည်။ ယင်းကြောင့် TNLA တပ်နှင့် နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားနေပြီဖြစ်သည်။

ယခုလို အခြေအနေမှာ KIA က ၎င်း၏ တပ်မဟာ (၄) ရှိနေသော ရှမ်းပြည်နယ်မြောက်ပိုင်း တွင် တပ်မဟာ (၆)ကို တိုးချဲ့ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

0 comments:

Post a Comment