Friday, February 26, 2016

ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့တိုက်ခိုက်ခံရမှု မြစ်ကြီးနားတွင် လူထု ဆန္ဒပြ


မနောကွင်းမှ စထွက်လာစဉ်

ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့PJS များ ယမန်နေ့က အစိုးရနယ်ခြားစောင့်တပ်နှင့် ဘိန်းခြံပိုင်ရှင်တို့၏ တိုက်ခိုက်ခံရမှုကြောင့် ပြည်သူလူထုမှ ယနေ့ မနက် ၁၀ နာရီ ခွဲခန့် မြစ်ကြီးနားမြို့တွင် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါသည်။

ထောင်ဂဏန်း ရှိသော ကချင်လူထုသည် မနက် ၁၀ နာရီခွဲခန့် မြစ်ကြီးနား စီတာပူ မနောကွင်းမှ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ထွက်လာခဲ့ကြသည်။ သို့သော်လည်း ရဲတပ်ဖွဲ့၏ တားဆီးမှုကြောင့် အထဲသို့ မ၀င်နိုင်ဘဲ ယင်းနေရာမှ မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ချီတက်ခဲ့ကြပါသည်။

ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် ဆေးရုံတင်ထားရသော PJS အဖွဲ့ဝင်များနှင့် ရှေ့တန်းတွင် ရှိနေသော အဖွဲ့ဝင်များ အတွက် မြစ်ကြီးနားဆေးရုံဝင်းတွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ MCC မှ ဦးဆောင်ပြီး ဆုတောင်းဝတ်ပြုအစီစဉ်ပြုလုပ်ခဲ့သည်။ ထို့နောက် မနောကွင်းသို့ ပြန်လာခဲ့ကြပါသည်။

ယနေ့ လမ်းလျှောက်ဆန္ဒပြမှုသည် လူထုမှ ဒုတိယအကြိမ် ဦးဆောင်ခြင်းဖြစ်ပြီး ယမန်နေ့ ညနေပိုင်းတွင်လည်း မြစ်ကြီးနားဆေးရုံရှေ့တွင် ထောင်ချီသောလူထုက ဆန္ဒပြခဲ့ကြပါသည်။

ကန်ုပိုင်တီ အစိုးရနယ်ခြားစောင့်တပ်နှင့် ဘိန်းခြံပိုင်ရှင်တို့၏ ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ဝင် ၂၀ ကျော်မှာ မြစ်ကြီးနားဆေးရုံတွင် ရှိနေပါသည်။

ကျန်ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ဝင်အများစုမှာ ဆဒုံဒေသတွင် စခန်းချနေကြပြီး အစီစဉ်ကို ဘယ်အချိန်တွင် ပြန်စမည်ကို တိုင်ပင်နေဆဲဖြစ်ကြောင်း PJS ခေါင်းဆောင်တစ်ဦးက ယနေ့ မနောကွင်းတွင် ပြောသည်။

လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအစီစဉ်နှင့် ပတ်သက်ပြီး ကချင်ပြည်နယ်ဒီမိုကရေစီပါတီ နှင့် ပြည်ပရောက် လချိတ် စာပေနှင့်ရိုးရာယဉ်ကျေးမှု့အဖွဲ့( ပြည်ပ)မှ သဘောထားများကို ဖေဖော်ဝါရီ ၂၅ ယမန်နေ့က ထုတ်ပြန်လိုက်ပါသည်။


0 comments:

Post a Comment