Thursday, February 4, 2016

လူငယ်များ ဆုတောင်းပွဲဖြင့် ကချင်တော်လှန်ရေးနေ့ ကျင်းပမည်

ဖေဖ၀ါရီ ၄၊ ၂၀၁၆၊ ကချင်လူငယ်များ (၅၅) နှစ်ပြည့် ကချင်အမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ ဆုတောင်းပွဲကို မနောကွင်းတွင် ပြုလုပ်ရန် ပြင်ဆင်နေပုံ၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်

မြစ်ကြီးနား၊ ကချင်ပြည်နယ် — ဖေဖော်ဝါရီ (၅)ရက်၊ မနက်ဖြန်ကျရောက်မည့် (၅၅) နှစ်ပြည့် ကချင်အမျိုးသား လက်နက်ကိုင်တော်လှန်ရေးနေ့ မှာ ကချင်လူငယ်များက (၄)ကြိမ်မြောက် စုပေါင်းဆုတောင်းခြင်းအစီစဉ် ကို ကချင်ပြည်နယ် မြစ်ကြီးနား မနောကွင်းမှာ ပြုလုပ်မည် ဖြစ်ပါသည်။

အထိမ်းအမှတ် အထူးဆုတောင်းပွဲတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အဓိကထား ဆုတောာင်းခြင်းနှင့်တကွ ကချင်လူငယ်များ သိသင့်သိထိုက်သော လက်ရှိ နိုင်ငံရေး၊ စစ်ရေးနှင့် စစ်ဘေးဒုက္ခသည် အခြေနေများကိုလည်း ဟောပြောသွားမည်ဖြစ်ကြောင်း အစီအစဉ် ဦးဆောင်သူ တစ်ဦးဖြစ်သော ဆရာ ဂျာယုန် ပြောသည်။

သူ ဆက်ပြီး ယခုတော်လှန်ရေးနေ့အထိမ်းအမှတ်ဆုတောင်းပွဲကြီးကို မြစ်ကြီးနား ကချင်ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ပါဝင်ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး လူငယ် တစ်ထောင်ကျော်ခန့် တက်ရောက်မည်ဟု ဆိုသည်။

ဆုတောင်းပွဲကို မနောကွင်းတွင် ပြုလုပ်ရန် ကချင်ယဉ်ကျေးမှုဗဟိုကော်မတီမှ သဘောမတူညီသည့် ကြားကပင် လူငယ်များ စီစဉ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆရာဂျာယုန် ကချင်သတင်းဌာန KNG ကိုပြောသည်။

ပြည်နယ်အစိုးရထံမှ ခွင့်ပြုမိန့် မရသောကြောင့် ကချင်ယဉ်ကျေးမှုဗဟိုကော်မတီမှ မနောကွင်းတွင် မပြုလုပ်ရန် လူငယ်များကို ပြောခဲ့ခြင်းဖြစ်ကြောင်း နာမည်မဖော်လိုသူ ကော်မတီဝင် တဦးပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် စစ်တပ်ကျောထောက်နောက်ခံ ဒီမိုကရေစီအစိုးရ တက်လာပြီးနောက် မြစ်ကြီးနား မနောကွင်းကြီးအတွင်း မနောပွဲတော်ဆင်နွှဲခြင်း သို့မဟုတ် အခြား လူထုလှုပ်ရှားမှု အစီအစဉ်ကြီးများ ပြုလုပ်ခွင့် ကို ကချင်ပြည်နယ်အစိုးရမှ ထိန်းချုပ်ထားပါသည်။


0 comments:

Post a Comment