Tuesday, February 2, 2016

ကုလ စားနပ် ရိက္ခာ လျှော့ချမှုပေါ် ကချင်ဒုက္ခသည်များ စိုးရိမ်နေ


ဖေဖ၀ါရီ ၂၊ ၂၀၁၆ ဗက်လင်ဒုက္ခသည်စခန်း၊ မြစ်ကြီးနားမြို့
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ WFP သည် ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များ အကူအညီပေးမှုကို နှစ်သစ်မှ လျှော့ချလိုက်ခြင်းအပေါ် စစ်ရှောင်များ အလွန်စိုးရိမ်ပူပန်မှုရှိနေကြောင်းသိရသည်။

စစ်ရှောင်စခန်းများမှ ဒုက္ခသည်များအား ဆန်၊ ဆီ၊ ဆားနှင့် အခြားစားသောက်ကုန် ရိက္ခာများကူညီရာမှ ယင်းအစား ငွေ ကို အဆင့် ၂ မျိုးခွဲပြီး စတင်ကူညီနေပြီဖြစ်သည်။

မသန်မစွမ်းနှင့် ၀င်ငွေရှာရန် မဖြစ်နိုင်သော ဒုက္ခသည် တစ်ဦးကို အများဆုံး ကျပ် ၁၃၀၀၀ ပေးပြီး အသက် ၁၈ နှစ် အထက် ကျန်းမားသန်စွမ်းသူ တစ်ဦးကို ကျပ် ၉၀၀၀ နှုန်းဖြင့် စတင်ကူညီနေပြီဖြစ်ပါသည်။

ယခုလို ငွေကြေးဖြင့်ပြောင်းကူညီလိုက်ခြင်းအပေါ် ၀ိုင်းမော်မြို့နယ် နမ့်ဆန်ယန်၊ ဒဘတ်ယန်နှင့် မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ပြေးဒုက္ခသည်များ ခိုလှုံနေသည့် မြစ်ကြီးနား၊ လယ်ကုန်းရပ်ကွက် ဗက်လင်စစ်ရှောင်စခန်းမှ တာဝန်ခံ ဦးကွမ်ဘူနော်ဂျာက စိုးရိမ်ပူပန်ကြောင်းကို အခုလိုပြောပါသည်။

“WFP ကနေပြီးတော့ ဇွန်လအထိတော့ ပေးနိုင်မယ်။ အဲဒီနောက်ပိုင်းတော့ အာမ မခံနိုင်တော့ဘူးလို့ ပြောတယ်။ အဲကြောင့် အခု ကလေးကများ စာသင်နေတဲ့ကျောင်းသားတွေပဲရှိတယ်။ ပိုက်ဆံရှာတဲ့သူက မရှိ အခြေအနေတွေကြောင့် ကျနော်တို့ စခန်းက လူတွေအားလုံးကလည်း ဒီကိစ္စအတွက် တွေးကြည့်ပြီးမှ စိုးရိမ်ပူပန်နေကြတယ်။”

ဝိုင်းမော်မြို့နယ် မိုင်းနား စစ်ရှောင်စခန်းမှ ဒေါ် မရစ် ခင်နောင့် ကလည်း ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။

“တစ်နေ့ အလုပ်ကြမ်း နေ့စားသွားလုပ်ရင်တောင် ကျပ် ၃၅၀၀ လောက်ပဲရတယ်။ အဲဒါတွေက တစ်ခါတစ်လေမှ ရတာ။ အိမ်သူ အိမ်သားတွေကများ ဆန်း ကလည်း ဈေးကြီးနေတယ်ဆိုတော့ စိုးရိမ်ရတာပေါ့နော်။”

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ် မထိုးသေးသောကြောင့် စစ်ရှောင်ဒုက္ခသည်များက နေရပ် မပြန်ရဲသည့်အပြင် လုပ်ကိုင်စားသောက်မည့် နေရာများမှာလည်း လုံခြုံမှုမရှိကြောင်း စစ်ပြေးဒုက္ခသည်များက ပြောဆိုနေကြပါသည်။

KIO နှင့် အစိုးရကြား တစ်ကျော့်ပြန် စစ်ပွဲပြန်လည်ဖြစ်ပွားပြီး ၄ နှစ်အလွန်တွင် စစ်ဘေးဒုက္ခသည်များ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ WFP ပေးသော ရိက္ခာပေါ် အဓိက မှီခိုနေမှုကို လျှော့ချနိုင်ဖို့ရည်ရွယ်ချက်အပြင် ဒုက္ခသည်များအား ကိုယ်တိုင်စိတ်ကြိုက် အစားအစာများ ၀ယ်ယူစားသောက်စေလိုခြင်းဖြစ်ကြောင်း WFP က ဆိုထားပါသည်။

WFP သည် ကချင်ပြည်နယ်တွင်း အစိုးရထိန်းချုပ်ရာ ဒေသစစ်ရှောင်စခန်း (၁၀၄)ခုမှ ဒုက္ခသည် ၃၈၀၀၀ ကို ၂၀၁၁ မှစတင်ကူညီနေခဲ့တာဖြစ်ပါသည်။ ယခု စားသောက်ကုန်အစား ငွေကြေးဖြင့်ပြောင်းလဲကူညီခြင်း အစီအစဉ်ကို စခန်း စုစုပေါင်း (၇၅)ခုမှ ဒုက္ခသည် ၂၈၅၀၀ တွင် စတင် အကျိုးသက်ရောက်မည် ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။


0 comments:

Post a Comment