Friday, February 12, 2016

ပင်လုံမှ အစပြုသော ပြည်ထောင်စု ဘယ်မှာလဲ

၆၉ နှစ်ပြည့် ပြည်ထောင်စုနေ့ "ပင်လုံမှ အစပြုသော ပြည်ထောင်စု ဘယ်မှာလဲ"

ပင်လုံမှ အစပြုသော ပြည်ထောင်စု ဘယ်မှာလဲ။ ပင်လုံစာချုပ် အရ ပေါ်ထွန်းလာသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်မှာ (၆၉)နှစ် ပြည့်ပြီဖြစ်သည်။

ဖယ်ဒရယ်စနစ် တိုင်းရင်းသား တန်းတူ အခွင့်အရေးကို အခြေခံသည့် ပင်လုံစာချုပ် ကို ထိုခေတ် ပြည်မ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်ပေါ်နေ ရှမ်း၊ ကချင်နှင့် ချင်း အမျိုးသားခေါင်းဆောင်များ က ၁၉၄၇ ဖေဖော်ဝါရီ (၁၂)တွင် ချုပ်ဆိုခဲ့ပါသည်။

ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် ၁၉၄၈ မှာ မြန်မာပြည်သည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေး ရခဲ့သည်။ သို့သော်လည်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် ပင်လုံစာချုပ် ကတိက၀တ် အတိုင်း ထည့်သွင်းခြင်း မရှိသောကြောင့် လွတ်လပ်ရေးရပြီး မကြာမီမှာ ပြည်တွင်းစစ် ဖြစ်လာသည်။

ယခု အနှစ် (၇၀)ခန့် အကြာ လူများစု ဗမာများချုပ်ကိုင်သော နိုင်ငံတော် အစိုးရ အဆက်ဆက် ပြောင်းလဲခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံတော်အလံ ကိုလည်း ၎င်းတို့ လိုသလို (၃)ကြိမ်တိုင် ပြောင်းလဲခဲ့သော်လည်း ပင်လုံ ကတိက၀တ် ကိုမူ ယနေ့တိုင် ငြင်းပယ်နေဆဲ ဖြစ်သည်။

၂၀၁၁ ခုနှစ် တွင် သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီး ဒီမိုကရေစီ အပြောင်းအလဲ စတင်လုပ်ဆောင် လာသော်လည်း သမ္မတ သက်တမ်း (၅)နှစ်မှာ တိုင်းရင်းသားများ လိုလားသော ဖယ်ဒရယ် ကို ‘မူအရ’ သာ လက်ခံကြောင်း ပြောခဲ့သည်။

လာမည့် မတ်လမှာ ၂၀၁၅ ရွေးကောက်ပွဲ မဲ အပြတ်အသတ် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ တက်လာမည် ဖြစ်သည်။ သူမ ဖခင် ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အကြား ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် အကောင်ထည် ဖော်ရန် NLD အစိုးရ ပေါ်မှာလည်း ပို၍တာဝန် ရှိလာမည်ဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် အစိုးရမှ ထပ်ပြီး ယခင် အစိုးရများ နည်းတူ ပင်လုံစာချုပ်ကို ငြင်းပယ်လိုက်ပါက ‘ပင်လုံမှ အစပြုခဲ့သော ပြည်ထောင်စု’ ဟူသည် ရှိတော့မည် မဟုတ်ပါ။


0 comments:

Post a Comment