Wednesday, February 10, 2016

အမေရိကန် နှစ်ခြင်း ဆရာများ အသင်းတော် မူးယစ်တိုက်ဖျက်ရေး အဖွဲ့ကို တွေ့ဆုံ အားပေး

ကချင် အသင်းတော်များ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ ကို ဆုတောင်းပေးနေတဲ့ အမေရိကန် ABC ဆရာတဦး

 အမေရိကန်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ABC မှ ဆရာများသည် ကချင် အသင်းတော်များ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ PJS ရှိရာ ၀ိုင်းမော်မြို့ကို ယနေ့ သွားရောက်တွေ့ဆုံ အားပေးခဲ့ပါသည်။

သူတို့သည် ၀ိုင်းမော်ဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန် သာသနာ့ဝင်းတွင် စခန်းချနေကြသော ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ကို သွားတွေ့ပြီး အားပေးစကားများပြောကာ ဆုတောင်းပေးခဲ့သည်။

ယနေ့ တွေ့ဆုံမှုတွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဦးဆောင်ပြီး ပြုလုပ်နေတဲ့ လူထုမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်ကို ABC က ရာနှုန်းပြည့် အားပေးထောက်ခံပါကြောင်း တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ အထွေထွေ အတွင်းရေးမှုး Rev. Dr. Hkalam Samson က ကချင်သတင်းဌာန KNG ကို ပြောသည်။

အမေရိကန် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ABC မှ ဆရာများသည် KBC နှင့်တွေ့ဆုံဖို့ရန် ဖေဖော်ဝါရီလ ၈ ရက် တနင်္လာနေ့မှာ မြစ်ကြီးနားကိုရောက်ရှိလာခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရ အဆက်ဆက် ပိတ်ပင်မှုကြောင့် နှစ်ပေါင်း ၅၀ခန့် အဆက်ပြတ်ခဲ့ရသည့် ABC-USA နှင့် KBC တို့ကြား ၂၀၁၅ မှ ပြန်လည် ဆက်သွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ကချင်အသင်းတော်များ ဦးဆောင်မှုဖြင့် နှစ်သစ်မှ လူထုဘိန်းခင်းတိုက်ဖျက်ရေး အစီစဉ် လုပ်ဆောင်နေခိုက် အမေရိကန် ABC ဆရာများ လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။


0 comments:

Post a Comment