Saturday, February 6, 2016

လုံခြုံရေးကြောင့် ကန်ပိုင်တီ ဒေသ ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့ ပြန်လည် ဆုတ်ခွာ



လုံခြုံရေး စိုးရိမ်ရသည့် အခြေနေကြောင့် အစိုးရနယ်ကြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ရာ ကန်ပိုင်တီဒေသ မောစီတုန်းနယ်မှ ဘိန်းခင်းများ ဖျက်ဆီးရန် ရောက်ရှိနေသည့် လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (PJS) သည် ဖေဖော်ဝါရီ (၅)ရက် မနေ့က ၀ိုင်းမော်မြို့သို့ နောက်ဆုတ် ပေးခဲ့သည်။

ရာဂဏန်းရှိသော ဘိန်းစိုက်ပျိုးသူများသည် PJS အဖွဲ့များ ရောက်ရောက်လာချင်း ၎င်းတို့ကို ၀ိုင်းရံထားလိုက်ပြီး ပေ ၃၀၀ ခန့်ထိ ချဉ်းကပ်ကာ လေးဂွဖြင့်ပစ်ခတ်ခြင်း၊ ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း စသည်ဖြင့် တိုက်ခိုက်လာသောကြောင့် မော်စီတုန်းနယ်မှ PJS အဖွဲ့အားလုံးကို ၀ိုင်းမော်မြို့သို့ ပြန်ဆုတ်ခိုင်းခြင်း ဖြစ်ကြောင်း PJS ခေါင်းဆောင်များ ကချင်သတင်းဌာန (KNG)ကို ယနေ့ အတည်ပြုပြောခဲ့သည်။

ယခုလို ဘိန်းခင်းပိုင်ရှင်များ၏ တိုက်ခိုက်မှုကြောင့် PJS အဖွဲ့ (၄) ဦး ထိခိုက်ဒဏ်ရာရရှိပြီး၊ တစ်ဖက်တွင် PJS အဖွဲ့များ၏ ပြန်လည်ခုခံမှုကြောင့် ဘိန်းခင်းပိုင်ရှင် (၂ )ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း PJS ခေါင်းဆောင်များမှ သိရသည်။

ဘိန်းခင်းပိုင်ရှင်များသည် PJS အဖွဲ့များ၏ စခန်းထဲသို့ဝင်ပြီး အိုးခွက်၊ ပန်းကန်များ ဖျက်ဆီးပေးရုံမျှမက PJS အဖွဲ့ အသုံးပြုသော ကားများကိုလည်း မှန်ရိုက်ခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်အား ၃၀၀ ခန့်ရှိ ကချင် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ပါဝင်ဦးဆောင်သည့် PJS အဖွဲ့သည် ဘိန်းခင်း ဧက ထောင်ဂဏန်းရှိသည့် မော်စီတုန်းနယ် သို့ ဖေဖော်ဝါရီ ၂ ရက်၊ အင်္ဂါနေ့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

အစိုးရ ရဲသား ၂၀ ကျော် နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အောက် ချီဖွေစစ်ဗျူဟာမှ လုံခြုံရေးတာဝန်ယူထားသော်လည်း ဘိန်းခင်းပိုင်ရှင်များ၏ တရက်ပြီးတရက် ပိုပို ပြင်းထန်လာသော တိုက်ခိုက်မှုများကို မရပ်တန့်နိုင်ခဲ့ကြောင်း PJS ခေါင်းဆောင်များ ဆိုပါသည်။ လုံခြုံရေးတပ်များ မိုးပေါ် သတိပေး ပစ်ခတ်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း PJS အဖွဲ့အား လေးဂွ၊ ကျောက်ခဲဖြင့် တိုက်ခိုက်မှုများမှာ ကျမသွားပဲ ပိုဆိုးလာကြောင်း PJS ခေါင်းဆောင်များ ပြောသည်။

မော်စီတုန်း ဘိန်းခင်းများသို့ အစိုးရလုံခြုံရေးတပ်ဖွဲ့ အင်အား ထပ်တိုးပေးရန် PJS အဖွဲ့က ကချင်ပြည်နယ်အစိုးရထံ ယမန်နေ့က စာဖြင့်ပန်ကြားထားကြောင်းသိရသည်။

မော်စီတုန်းနယ်မှ ဘိန်းခင်း (၁၅) ဧက ခန့်သာ ဖျက်ဆီးပြီး နောက်ဆုတ်လိုက်ရသော်လည်း အစီစဉ် ရုပ်သိမ်းလိုက်ခြင်း မဟုတ်ကြောင်း ၀ိုင်းမော်မြို့တွင် ရှိနေသော PJS ခေါင်းဆောင်တစ်ဦး ကချင်သတင်းဌာန KNG ကိုပြောသည်။

ယခုချိန် ၀ိုင်းမော်မြို့နယ် ကတ်သလစ်အသင်းတော် ဘုန်းကြီး (Father) Zukdaw Zung Ting ဦးဆောင်သော PJS အင်အား ၁၀၀၀ ကျော်မှလည်း ချီဖွေလမ်း Shangaw Krung ဒေသ ဘိန်းခင်းများကို ဖျက်ဆီးနေပါသည်။

0 comments:

Post a Comment