Sunday, February 14, 2016

အစိုးရ ထိန်းချုပ် နေရာမှ ဘိန်းခင်း ဖျက်ဆီးရန် လူထု အဆင့်သင့် ဖြစ်နေ

အစိုးရ ထိန်းချုပ်တဲ့ ကန်ပိုင်တီ ဒေသ ဘိန်းခင်းတွေ ဖျက်ဆီးဖို့ ဝိုင်းမော်မြို့မှာ စခန်းချနေတဲ့ လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ PJS

လူထု အင်အား အလုံးအရင်းဖြင့် အစိုးရ ထိန်းချုပ်သော ကန်ပိုင်တီဒေသရှိ ဘိန်းခင်းများ ဖျက်ဆီးရေး အစီစဉ်ကို လာမည့် အပတ်အတွင်း ပြန်လည် စတင်မည်ဖြစ်ကြောင်း အကြီးဆုံး ကချင်အသင်းတော် KBC က ယမန်နေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာစစ်တပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ ခွင့် မပြုသည့်ကြား ကချင် အသင်းတော်များ ဦးဆောင်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ PJS သည် ကန်ပိုင်တီဒေသ ရှိ ဘိန်းခင်းများ ဖျက်ဆီးရန် လူထု အင်အား ၄၀၀၀ ခန့်သည် ယခု ၀ိုင်းမော်မြို့တွင် အဆင်သင့်ဖြစ်နေကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ထုတ်ပြန်သည်။

ထို့အပြင် ကချင်ခရစ်ယာန် ပြည်သူများအနေဖြင့် PJS အဖွဲ့များအတွက် ကိုယ်တိုင် သို့မဟုတ် အသင်းတော်အားဖြင့် တစ်နေ့တာ အထူးအချိန်ယူ ဆုတောင်းပေးရန် တောင်းဆိုထားပါသည်။ ထို့အတူ နီးစပ်ရာ တနင်္ဂနွေနေ့ တစ်ရက်တွင် PJS အလှူငွေ ကောက်ခံပေးရန်လည်း ပါရှိသည်။

အသင်းတော် ဂိုဏ်းပေါင်းစုံမှ ပါဝင်ဦးဆောင်သည့် PJS အဖွဲ့သည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင်း ပြီးခဲ့သော နှစ်ကုန်ပိုင်းမှ ယခုချိန်ထိ ဘိန်းခင်း ဧက စုစုပေါင်း ၁ သောင်းကျော် ဖျက်ဆီးပြီး ဖြစ်သော်လည်း ဆက်လက်၍ ဧက ၁ သောင်းကျော် ထပ်မံ ဖျက်ဆီးရန် ကျန်ရှိနေသေးကြောင်း ပြောပါသည်။

လွန်ခဲ့သည့် အပတ်က ကန်ပိုင်တီ မော်စီတုန်းဒေသသို့ ရှေ့ပြေးဝင်ရောက်ခဲ့သော အင်အား ၂၀၀ ကျော် PJS အဖွဲ့ တစ်ဖွဲ့သည် ဘိန်းခြံပိုင်ရှင်များ၏ တိုး၍ တိုက်ခိုက်မှု ခံနေရချိန် လုံခြုံရေးအဖြစ် လိုက်ပါသွားသော အစိုးရ ရဲ နှင့် စစ်သားများက အကာကွယ် မပေးနိုင်သဖြင့် ဖေဖော်ဝါရီ ၅ ရက်နေ့ တွင် ၀ိုင်းမော်သို့ ပြန်လည် ရုပ်သိမ်းခဲ့ ခြင်းဖြစ်သည်။

နေပြည်တော် အစိုးရ အကာကွယ်ပေးမှုအောက် ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ယခု နယ်ခြားစောင့်တပ် (BGF)နှင့် ပြည်သူ့စစ် ထိန်းချုပ်သော မြစ်ကြီးနားမြို့ အရှေ့ဘက် ကန်ပိုင်တီဒေသ သည် ကချင်ပြည်နယ်အတွင်း ဘိန်း အများဆုံး စိုက်ပျိုးသော ဒေသလည်း ဖြစ်သည်။

အစိုးရ လုံခြုံရေး မပါဘဲ လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ ကန်ပိုင်တီဒေသ သို့ တက်လာပါက ဘိန်းခြံပိုင်ရှင်များ၏ တိုက်ခိုက်လာမှု ယခင်ထက် ပိုပြင်းထန် လာနိုင်ဖွယ်ရှိနေချိန် အစီစဉ် ဆက်လုပ်ရန် KBC က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။


0 comments:

Post a Comment