Saturday, February 6, 2016

အဓိက အစီစဉ် ဖြုတ်ပြီး လူငယ်များ ကချင်တော်လှန်ရေးနေ့ ကျင်းပ

မနောကွင်း ကချင်တော်လှန်ရေးနေ့ လူငယ်ဆုတောင်းပွဲ၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်

မြစ်ကြီးနား ကချင်လူငယ်များက (၅၅) နှစ် ပြည့် ကချင်အမျိုးသားတော်လှန်ရေးနေ့ ဆုတောင်းပွဲတွင် အဓိက ကျသော အစီစဉ်များ ဖျက်သိမ်းပြီး စီတာပူ မနောကွင်းမှာ မနေ့က ပြုလုပ်ခဲ့ပါသည်။


အထိမ်းအမှတ်နေ့တွင် ရည်ရွယ်ပြုလုပ်သော (၄) ကြိမ်မြောက် ခရစ်ယာန် ဂိုဏ်းပေါင်းစုံ လူငယ်များ အတူတကွ ဆုတောင်းခြင်း အစီအစဉ်တွင် ‘ကချင် နိုင်ငံတော် သီချင်း ဆိုခြင်း၊ အလံ အလေးပြုခြင်းနှင့် KIO ဥက္ကဌ၏ တော်လှန်ရေးနေ့ မိန့်ခွန်းဖတ်ကြားခြင်း’ စသည့် အစီစဉ်ကြီးများကို ပွဲနေ့ ဦးဆောင်သူများကိုယ်တိုင် ဖျက်သိမ်း လိုက်ခြင်းဖြစ်သည်။

အကြောင်းရင်းမှာ ၄င်းအစီအစဉ်ကို မနောကွင်းတွင် ပြုလုပ်ရန် ကချင်ပြည်နယ်အစိုးရနှင့် ကချင်ယဉ်ကျေးမှုဗဟိုကော်မတီမှ ခွင့်မပြုသည့်အခြေအနေတွင် ပြုလုပ်တာဖြစ်သောကြောင့် ဟု ဆုတောင်းပွဲ ဦးဆောင်သူတစ်ဦး ကချင်သတင်းဌာန (KNG) ကိုပြောသည်။

၂၀၁၁ ခုနှစ် အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တစ်ကြော့ပြန် တိုက်ပွဲဖြစ်လာပြီးနောက် ပြည်တွင်း၊ ပြည်ပရှိ ကချင်အမျိုးသားများကြား KIO အဖွဲ့ အလံကို ‘ကချင်အမျိုးသားအလံ သို့မဟုတ် ကချင်နိုင်ငံတော်အလံ’ အဖြစ် ခေါ်ဝေါ် အသုံးပြုလာကြခြင်း ဖြစ်သည်။

ပြီးနောက် ‘KIO တော်လှန်ရေးနေ့’ ကိုလည်း ‘ကချင်အမျိုးသားတော်လှန်ရေးနေ့’ အဖြစ် ပြောင်းသုံးလာကြသည်။

၂၀၁၃ မှစပြီး ဖေဖော်ဝါရီ ၅ ရက် ကချင်အမျိုးသားတော်လှန်ရေးနေ့ ရောက်တိုင်း ကချင် ခရစ်ယာန်ဂိုဏ်ပေါင်းစုံမှ လူငယ်များ၏ စုပေါင်းဆုတောင်းခြင်း အစီစဉ်ကို နှစ်စဉ် ပြုလုပ်လာခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် (၂)ကြိမ်မြောက် ဆုတောင်းပွဲ အစီအစဉ်ကို မနောကွင်းတွင်ပြုလုပ်ခဲ့ချိန် မနောတိုင်ပေါ် ကချင်အမျိုးသားအလံ တပ်ဆင်ထားခြင်းကို အစိုးရအာဏာပိုင်များမှ အတင်းသဘောဖြင့် ပြန်ဖြုတ်ခိုင်းခဲ့သည်။

ယခုနှစ် ပြုလုပ်သော ဆုတောင်းပွဲတွင် အဓိက ကျသော အစီစဉ်များကို အာဏာပိုင်များမှ သတိပေး ဟန့်တားမှုမရှိပဲ ဦးဆာင်သူများ ကိုယ်တိုင် ပြန်လည် ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

0 comments:

Post a Comment