Tuesday, February 16, 2016

လူထု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ ၀ါးရှောင်ဂိတ် တွင် ဟန့်တား ခံနေရ

 

ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၆ ဝါးရှောင်ဂိတ်မှ ကန်ပိုင်တီသို့ လုံးဝ ဖြတ်သန်းခွင့် မပြု ဟန့်တားခံရတဲ့ ကချင်လူထု ဘိန်းခင်း ဖျက်ဆီးရေးအဖွဲ့

 

ယနေ့ မြစ်ကြီးနားမြို့မှ ကန်ပိုင်တီ သို့ တက်လာသည့် ကချင် လူထု ဘိန်းခင်း ဖျက်ဆီးရေး ယာဉ်တန်းကို ကန်ပိုင်တီ-ချီဖွေလမ်းခွဲ၊ ၀ါးရှောင်ဂိတ်တွင် အစိုးရ လုံခြုံရေးတပ်ဖွဲ့များမှ လုံးဝ ဖြတ်သန်းခွင့် မပြုဘဲ ဟန့်တား ခံနေရပါသည်။


ယင်းဂိတ်သည် အစိုးရ ဌာန ၅ ခု - စစ်တပ်၊ ရဲ၊ အထူးရဲ၊ စရဖ နှင့် လ၀က များ စောင့်လျှက်ရှိသော စုပေါင်း ဂိတ်လည်း ဖြစ်သည်။ ယခုချိန် ဂိတ်မှာ ပိတ်ပင်ခံထားရသည့် PJS အဖွဲ့ ၁၀၀၀ ကျော်ရှိကြောင်း PJS ခေါင်းဆောင်များ ကချင်သတင်းဌာန KNG ကိုပြောသည်။

ဝိုင်းမော်မြို့နယ် ရဲမှုးကြီးသည် ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင် PJS ခေါင်းဆာင်များနှင့် ဝိုင်းမော်မြို့တွင် တွေ့ဆုံစဉ် ‘သူ၌ ဘာအာဏာမှ မရှိကြောင်း၊ အထက်မိန့်အတိုင်း ကန်ပိုင်တီသို့ မတက်ရန် တားမြစ်ခြင်းဖြစ်သည်ဟု’ ပြောခဲ့ကြောင်း သိရသည်။

ထို့အတူ ၀ါးရှောင်ဂိတ်မှ လုံခြံရေးတပ်ဖွဲ့များ ကလည်း ‘အထက်အမိန့်အရ ပိတ်ပင်တာဖြစ်ကြောင်း’ PJS ခေါင်းဆောင်များကို ပြောသည်ဟု သိရသည်။

ယခုလို ပိတ်ပင်ခံထားရချိန် PJS အဖွဲ့များသည် နှောက်မဆုတ်သည့်အပြင် လူအင်အားလည်း ထပ်တိုးနေပြီး ၄င်းနေရာမှာ စခန်းချနေကြောင်း PJS ခေါင်းဆောင်များ ပြောသည်။

ထို့အပြင် ၀ိုင်းမော်မြို့တွင်လည်း PJS အင်အား ၁၀၀၀ ကျော် စခန်းချနေပြီး လူအင်အားသစ်များလည်း ပုံမှန် ထပ်တိုးလာနေကြောင်း သိရသည်။ ထို့အပြင် ရှမ်းပြည်မြောက်ပိုင်းမှ ကချင်လူထုများ ကလည်း ကန်ပိုင်တီ ဘိန်းခင်း ဖျက်ဆီးရေးအတွက် ခရီးလမ်းတွင် လာနေပြီဖြစ်ကြောင်း ထပ်မံသိရသည်။

ပူတာအို နှင့် ဆွမ်ပရာဘွမ် ဒေသ လွဲပြီး ကျန်ရှိနေသည့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း PJS ဒေသ စုစုပေါင်း ၁၉ မှ ကချင်လူထုများသည် ယခု ကန်ပိုင်တီ ဘိန်းခင်း တိုက်ဖျက်ရေး အစီစဉ်တွင် ပါဝင်နေကြောင်း ၀ို်င်းမော်မြို့တွင် ရောက်ရှိနေသည့် PJS ခေါင်းဆောင်များ ပြောသည်။

PJS အဖွဲ့များ ၀ါးရှောင်တွင် ပိတ်ပင်ခံထားရချိန် ယနေ့ မြစ်ကြီးနားမြို့တွင် PJS ခေါင်းဆောင်များနှင့် အစိုးရ အာဏာပိုင်များ ကြား ‘ဆွေးနွေးညှိနှိုင်းမှု’ တွေလုပ်နေကြောင်း သိရသည်။

0 comments:

Post a Comment