Wednesday, October 2, 2013

တရုတ်နယ်စပ် ဒုက္ခသည်စခန်းများ တွင် ဆောင်းအ၀င် အရေးတကြီး အကူညီများလိုအပ်

ကေအိုင်အို ဌာနချုပ် လိုင်ဇာအနီး ဒုက္ခသည်စခန်း။

ကချင်ပြည်နယ် တရုတ်နယ်စပ်တလျှောက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်စခန်းများတွင် ဆောင်းရာသီ ရောက်လာသည်နှင့်အမျှ အအေးဒဏ်ကိုခံနိုင်သည့်စောင်များနှင့် ပျက်စီးနေသောယာယီစခန်းများ ပြန်လည်ပြုပြင်ရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများကပြောသည်။

ယခုနှစ်စက်တင်ဘာလအတွင်း UN မှ ကူညီထောက်ပံ့များ ၃ ကြိမ်ရရှိပြီဖြစ်သော်လည်း တရုတ်နယ်စပ် ဗန်းမော်ခရိုင် လွယ်ဂျယ် (Loije)၊ မိုင်ဂျာယန် (Mai Ja Yang)နှင့် ပန်ဝါ (Pangwa) ဒေသများတွင် ခိုလှုံနေသော ဒုက္ခသည်စခန်းများအတွက် ၄င်းတို့၏ယာယီတဲများပြန်လည်ဆောက်လုပ်ပေးရန် အရေးပေါ်လိုအပ်လာခြင်းဖြစ်ကြောင်း KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘာဒွဲပီဆာ (Salang Kaba Doi Pyi Sa) ကပြောသည်။

“နေအိမ်လေးတွေ ဘာတွေ ပျက်သွားတာဆွေးသွားတာရှိတယ် အဲဒါပြန်လုပ်ရမယ် တချို့နေရာမှာဆိုရင် ကျမ်းမာရေးချို့ယွင်း ချက်ရှိတယ် ပန်ဝါဖက်မှာဆိုရင်တော့ တရုတ်ပြည်ထဲမှာနေတဲ့ ဒုက္ခသည်စခန်းဖြစ်တယ်။ အဲဒီထဲမှာ အခက်ခဲဆုံးဖြစ်တယ် နေအိမ်လည်းကောင်းကောင်းမရှိဘူး ကားလမ်းနံဘေးမှာပဲ တဲထိုးပြီးနေကြတယ် တဲလည်းပဲ ဖြစ်သလို တဲထိုးပြီးမှနေရတယ်”

အဆိုပါ ဒုက္ခသည်စခန်းများတွင် ကူညီရေးပစ္စည်းများနှင့်အတူ ယာယီတဲစီစဉ်ပေးရန် လိုအပ်နေခြင်းဖြစ်သည် ဟု ဆိုသည်။

ယခုချိန် ဆောင်းအ၀င်ဖြစ်လာသည့်နှင့်အလျောက် နယ်စပ်ဒေသ အအေးလွန်ကဲသော ဆောင်းရာသီဥတုဒဏ်ကို ကာကွယ်နိုင်ရန် ဒုက္ခသည်များကို ပို့ဆောင်ပေးနေသော စောင်များဖြင့် လုံလောက်မှုမရှိသေးကြောင်း မိုင်ဂျာယန် ဒုက္ခသည်စခန်များကိုကြည့်ရှုနေသော Wunpawng Ninghtoi (WPN) အဖွဲ့တာဝန်ခံ ဒေါ်မေရီတောမ် (Mary Tawm) က ပြောသည်။

“ကျမတို့ကြည့်နေတဲ့စခန်းတွေဟာဆိုလို့ ရှိရင် တရုတ်ပြည်နယ်စပ်မှာဖြစ်တယ် ဆောင်းတွင်းဆိုတာ ရန်ကုန် မန္တလေးနဲ့ယှဉ်လို့မရဘူး။ ဒီလိုအအေးဒာဏ်ကို ကျမတို့က ဂွန်းကပ်စောင် ၂ထည်နဲ့ဆိုရင်တောင်မှ ခံနိုင်ဖို့သိပ်မလွယ်ဘူး။ ဒါတောင်မှ သာမန်ပေါ့ တကယ့်အိမ်ထဲမှာတောင် သလောက်အေးတယ်။ အခု IDP တွေရဲ့တဲတွေကို သွားကြည့်လိုက်ပါ အကုန်လုံးဟာလာဟင်းလင်းပဲ အပေါ်ဘက်ဆိုအမိုးပွင့် လေအချိန်မရွေးတိုးနေတယ်။ အဲဒါကြောင့်ကျမပြောချင်တယ် အခု ဒီလိုပို့ချင်တယ်ဟေ့ ဆိုရင်တော့ ရန်ကုန်ကနေတော့ တကူးတကပို့စရာမလိုဘူး လမ်းစရိတ်ကုန်မယ် တရုတ်ပြည်ကပစ္စည်းကို ရန်ကုန်ကသယ်သွားလိုက် ပြန်လာလိုက် လမ်းစရိတ်ကအစ ပေးတဲ့စောင်က အရည်အသွေးကလည်းညံ့ပြီးရင် ထိရောက်မှုမရှိဘူး။ ညှိနှိုင်းမှုကအရမ်းအရေးကြီးတယ်”

အောက်တိုဘာကုန်ပိုင်းမှစ၍ အအေးလွန်ကဲမှုဖြစ်ပွားလာချိန် တရုတ်နယ်စပ်စခန်းများတွင်နေထိုင်သော သက်ကြီးရွယ်အိုများအတွက်ပို၍ စိုးရိမ်ဖွယ်ရာရှိပြီး ၄င်းတို့ကို အဟာရနှင့်အတူ အအေးဒဏ်လုံခြုံမှုအတွက် နေအိမ်၊ အနွေးအထည်များ ဖြည့်ပေးရန်လိုအပ်ကြောင်း WPN အဖွဲ့တာဝန်ခံ ဒေါ်မေရီတောမ် (Mary Tawm) ဆက်ဆိုသည်။

“ဆောင်းတွင်းရောက်လာပြီဆိုရင် အဟာရမဖြည့်ပေးရင်တော့ အသက်ကြီးတွေက ကျမ်းမာရေးပိုချို့တဲ့တယ် ချမ်းလို့ပဲလား ဆုံးတဲ့အထိဖြစ်တတ်တယ်။ လူကြီးသာမက ကလေးအတွက်လည်း အနွေးထည်တွေလိုလာတယ်။ ခုဆိုရင် အေးလာပြီဆိုတာနဲ့ နှာဈေးချောင်းဆိုးတာတွေလည်းဖြစ်လာတယ်။ ကူညီမယ်ဆိုရင်လည်း လိုအပ်ချက်ကတော့ တဖက်ထဲရဲ့ပံ့ပိုးမှုပဲတော့မလိုအပ်ဘူး ညှိနှိုင်းမှုအရမ်းအရေးကြီးတယ်”

ပြည်တွင်းရှိ စေတနာရှင်များသည် ဒုက္ခသည်များအတွက် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်း၊ ဆေးဝါးများကို ပုံမှန်ရရှိနိုင်ရန် စီစဉ်ပေးလျက် ရှိနေသော်လည်း လစ်ဟာနေသည့်အခက်အခဲများကြောင့် နိုင်ငံတကာအကူအညီများကို ဆက်လက်လိုအပ်နေခြင်းဖြစ်ကြောင်း ဆလန်ကဘာဒွဲပီဆာ (Salang Kaba Doi Pyi Sa) ပြောဆိုခဲ့သည်။

“ဘယ်တော့ပြန်လာမယ်ဆိုတာ သူတို့ကဆုံးဖြတ်လို့မရဘူး။ ကျွန်တော်တို့ဒေသမှာ ဘယ်လိုအခက် အခဲဖြစ်နေတယ် စစ်ပြေးဒုက္ခသည်ရဲ့အခြေအနေ ကူညီနေတဲ့အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်ပေါ့ ဒါက ဘယ်လိုဘယ်လိုလုပ်နေတယ်ဆိုတာ နည်းနည်းလေ့လာနေတဲ့သဘောလည်းပါတယ်။ ဒါကြောင့် သူတို့ဘယ်တော့ လာမယ်ဆိုတာ သူတို့လည်းပဲ သူတို့သက်ဆိုင်ရာကို တင်ပြပြီးမှ ပြန်ကူညီဖို့ အစီစဉ်တော့ပါတယ် ကျွန်တော်တို့ ယုံကြည်ပါတယ်”

တရုတ်နယ်စပ် KIO ထိန်းချုပ်နယ်မြေများတွင် ပုံမှန်အားဖြင့် စားနှပ်ရိက္ခာများကို ရိုမန်ကက်သလစ် ဂရုဏာအဖွဲ့၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ မေတ္တာ အဖွဲ့နှင့် စေတနာရှင်များက ကူညီပေးလျက်ရှိရာ ယခုချိန်တွင် ဒုက္ခသည်ကျောင်းသားများအတွက်လည်း ကျောင်းအသုံးအဆောင်ပစ္စည်း၊ စာသင်ဆောင်နှင့် အစာအဟာရဖြည့်ပေးရန် လိုအပ်နေကြောင်းသိရသည်။

တဖက်တွင်လည်း ဒုက္ခသည်များလုံခြုံရေးသည် ယခုရက်ပိုင်းအတွင်း ဗန်းမော်ခရိုင်မန်စီမြို့ မုန်းဒိန်ပါ (Mung Ding Pa) အနီး ၂ မိုင်အကွာတွင် အစိုးရစစ်တပ်များ စစ်အင်အားတိုးချဲ့လှုပ်ရှားမှုများ ရှိနေသောကြောင့် မုန်းဒိန်ပါ (Mung Ding Pa) သို့ ကျောင်းတက်နေသော ဒုက္ခသည်ကလေးများက စိုးရိမ်ထိတ်လန့်မှု အခြေအနေများလည်းရှိနေကြောင်း သိရသည်။

တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်နယ်မြေ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည် ၈ သောင်းကျော်ခိုလှုံနေပြီး ယခုချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည့်နေရာများတွင် စစ်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment