Tuesday, October 29, 2013

မုန်းဒိန်ပါ ကျေးရွာသားများ ဒုက္ခသည်စခန်းရှိရာသို့ ထွက်ပြေးတိမ်းရှောင်



ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါ (Mung Ding Pa) ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားချိန် ဘုရားကျောင်းသို့ထိန်းသိမ်းထားသော ရွာသား ၅၀၀ ကျော်သည် ဗန်းမော် ဖန်းခါးကုန်း စစ်ပြေးဒုက္ခသည်စခန်းဘက်သို့ ထွက်ပြေးတိမ်းသွားနေကြပြီဖြစ်ကြောင်း ရွာသားများမှသိရသည်။

မုန်းဒိန်ပါရွာသားများသည် အစိုးရတပ်များအနီးဝန်းကျင်တွင် တပ်ဆုတ်ထားချိန် KIO ဖက်မှ လုံခြုံရေးယူကာ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မုန်းဒိန်ပါ (Mung Ding Pa) မှ ဒေသခံ ဆရာဇယ်ထောင်း (Sara Ze Htawng) KNG ကချင်သတင်းဌာန သို့ပြောသည်။

“သူတို့က ကျနော်တို့ ဘုရားကျောင်းမှာဘဲမနေတာ ကျန်တဲ့နေရာအားလုံး အစိုးရစစ်သားတွေဘဲ ရွာအောက်ဘက်မှာလည်း အပြည့် သူတို့ဘဲနေနေတော့ KIA နဲ့ အစိုးရတပ်ကလည်း နီးနီးကပ်ကပ်မှာ ဘဲရှိနေကြတော့ နေလို့မရတော့ဘူး ရွာသားတွေနေဖို့ ခက်လာတယ် စိုးရိမ်တယ် ဒါကြောင့် တရွာလုံး ထွက်လာတာ”

ထွက်ပြေးတိမ်းရှောင်နေသော ရွာသားများတွင် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျောင်းသူ/ကျောင်းသားများ၊ အသက်ကြီး လမ်းမလျှောက်နိုင်သူများဖြစ်ပြီး တောလမ်းခရီးဖြင့် မိုးရွာသွန်းမှုကြောင့်လမ်းခရီးခက်ခဲကြမ်းတမ်းချိန် သွားလာရန်ခက်ခဲမှုရှိပြီး ၁ နာရီတွင် ၁ မိုင် နှုန်းပင် မသွားနိုင်ကြောင်းသိရသည်။

မုန်းဒိန်ပါ (Mung Ding Pa) ရွာသားများသည်  ရွာမှ ၅ မိုင်ကွာသည့် ခဒန်ပါ (Hkadan Pa) လယ်ကွင်းတွင် တစ်ညအိပ်စက်ပြီး မန်တာ (Man Ta) ရွာသို့ ရောက်ရှိနေပြီး ဗန်းမော် မန်စီမှ ကားများနှင့် မန်တာရွာမှလည်း ဖန်းခါးကုန်းဒုက္ခသည်စခန်း သို့ပို့မည် ဖြစ်ကြောင်းသိရသည်။

ဖုန်းခါးကုန်းတွင် ကချင်နှစ်ခြင်းခရစ်ယာန် အိမ်ခြေ ၂၈ ရှိသောရွာဖြစ်ပြီး စခန်းတွင် ဒုက္ခသည်ပေါင်း ၂၁၉ ယောက်ရှိရာ ဒုက္ခသည်များ ထပ်မံရောက်ရှိလာမည်ဖြစ်သောကြောင့် ပြင်ဆင်နေဆဲဖြစ်သော်လည်း လိုအပ်မှုများလည်း ရှိနေဆဲဖြစ်ကြောင်း ဖုန်းခါးကုန်းဒုက္ခသည်စခန်း တာဝန်ခံ ဒူဝါ လထော် ဇော်ဘောက် (Duwa Lahtaw Zau Bawk) KNG ကချင်သတင်းဌာန သို့ပြောသည်။

“လောလောဆယ်ရောက်လာသူများကို ဒီမှာထားမယ် တချို့ကို မန်ဂျေမှာထားမယ် ထွယ်ဆန် (Htoi San) နှစ်ခြင်း ဘုရားမှာတချို့ထားမယ်။ ကျောင်းတက်နေတဲ့ကလေးမိဘတွေကို ဒီမှာထားမယ် ယာယီအဆောင် လုပ်ပြီး ဒီမှာစာသင်မယ်လုပ်ယာထားတယ် ၁၅၀ ယောက်လောက်နေမယ်လို့တွက်ထားတယ်”

ဒုက္ခသည်များအတွက် နေရာထိုင်ခင်း စားဝတ်နေရေးအတွက် ရေ၊ မီး၊ ထင်းများအတွက် ကူညီမှု လိုအပ်နေဆဲဖြစ်ကြောင်း ဒုက္ခသည်စခန်းမှပြောသည်။

အစိုးရစစ်ကြောင်းများသည် မုန်းဒိန်ပါ၊ မခေါ်ယန်၊ နမ်ဖူ၊ ကောင်ဂျာများတွင် အစိုးရတပ်များ ဆက်လက်လှုပ်ရှားနေသောကြောင့် ရွာသားများသည် တောတောင်များနှင့် ဒုက္ခသည်စခန်းအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment