Thursday, October 10, 2013

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု KIO လိုင်ဇာတွင်ပြုလုပ်ရန် သဘောတူ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပါဝင်တဲ့ UNFC တပ်ပေါင်းစု။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကြား တပြည်လုံးအတိုင်းအတာ အပစ်ရပ်ဆွေးနွေးမှု မပြုမီ အောက်တိုဘာလအတွင်း KIO ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင် အားလုံးပါဝင်သော ဆွေးနွေးပွဲတရပ်ကို KIO ဗဟို ဌာနချုပ်လိုင်ဇာမြို့တွင် ပြုလုပ်ကျင်းပသွားရန် ၃ ရက်ကြာဆွေးနွေးပွဲတွင် သဘောတူညီမှုရခဲ့ကြသည်။

ထို့ပြင် ယနေ့ဆွေးနွေးပွဲထူးခြားချက်သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တက်ရောက်မည် မတက်ရောက်မည်ကို တိုင်းရင်းသားလက်နက်များနှင့် ဆွေးနွေးပွဲပြုလုပ်ရန် အစိုးရမှသဘောတူခြင်းဖြစ်ကြောင်းငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG မှ ဦးလမိုင်ဂွမ်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

“တနိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေး ကျင်းပဖို့ရန် အစိုးရရဲ့စီမံစဉ်ချက်တွေကို ပေးပို့မှာဖြစ်တယ် KIO တက်မယ် မတက်ဘူးဆိုတာ အခြားတိုင်းရင်းသားတွေနဲ့ ဆွေးနွေးမယ်”

အဆိုပါ ‘တပြည်လုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေး’ နှင့်ပတ်သက်၍ အစိုးရအား ကိုယ်တိုင်ကြေငြာပြီး လက်တွေ့ဆောင်ရွက်ခြင်းအားဖြင့် ဖြေရှင်းသွားနိုင်မည့် ကိစ္စရပ်ဖြစ်ကြောင်း KIO တွေ့ဆုံဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) က KNG ကချင်သတင်းဌာန သို့ဆွေးနွေး ပြောဆိုခဲ့သေးသည်။

ထိုသို့ဖြင့် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ၃ ရက်ကြာ ပြုလုပ်သော ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင်လည်း အပစ်ရပ်ရေးကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းသားများအားလုံးပါဝင်သော ဆွေးနွေးပွဲပြုလုပ်ရန် အချက် ၇ ချက် အပါအ၀င် သဘောတူညီခဲ့ခြင်းဖြစ်သည်။

သဘောတူညီမှုအချက်များတွင် မေလ ၂၈-၃၀ ရက်နေ့ ဆွေးနွေးပွဲတွင် သဘောတူထားသည့် ပစ်ခတ်တိုက်ခိုက်မှုများ လျော့ချနိုင်ခြင်း၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ မူလနေထိုင်ရာအရပ်သို့ ပြန်နိုင်ရေး၊ စစ်ရှိန်လျော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေ ရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီ (Join Monitoring Committee) အား ပဋိပက္ခဖြစ်ပွားရာဒေသအားလုံး အကျုံးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန် သဘောတူခဲ့ကြသည်။

ပဋိပက္ခကြောင့် ပုံမှန်သွားလာနိုင်မှုမရှိသော အများပြည်သူအသုံးပြုသည့်လမ်းများနှင့် အရေးပါသော လမ်းများ၊ ပုံမှန်ပြန်လည်သွားလာနိုင်ရေး နှစ်ဖက်ညှိနှိုင်း၍ အမြန်ဖွင့်လှစ်သွားရန်ဖြစ်သည်။ KIO အနေဖြင့် သက်ဆိုင်ရာ တာရှိသူများနှင့် ကြိုတင်ညှိနှိုင်းပြီး ပြည်သူများနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးတိုင်ပင်ခြင်းများ (Public Consultation) ပြုလုပ်ရန်အပြင် ရှေ့လုပ်ငန်စဉ်များကို နှစ်ဖက်အလုပ်အဖွဲ့ (Technical Team) များက ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်နှင့် နောင်ကျင်းပမည့် ဆွေးနွေးပွဲများကို အမြန်ဆုံးကျင်းပနိုင်ရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်သည်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင်ပြုလုပ်သော အဆိုပါဆွေးနွေးပွဲတွင် အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်၍ မြန်မာငြိမ်းချမ်းရေးစင်တာ MPC အဖွဲ့နှင့် ၀န်ကြီး ဦးအုန်းမြင့်၊ စစ်တပ်ဘက်မှ အရာရှိများ၊ တိုင်မှူးများ တက်ရောက်ကာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဖက်မှ ဆွေးနွေးပွဲခေါင်းဆောင် ဆရာကြီး ဦးဆွမ်လွတ်ဂမ် ဦးဆောင်၍ စစ်ဖက်မှ  ဗိုလ်ချုပ်ဂွမ်မော်တို့ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

စောင့်ကြည့်လေ့လာသူများအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားနှင့် မေရီယံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှသံအဖွဲ့များ ၅ ဦး၊ တိုင်းရင်းသားအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ မျိုးနွယ်စုနှင့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖ ဘာသာရေး အသင်းအဖွဲ့များမှ ဆရာတော်များပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment