Thursday, October 24, 2013

အစိုးရ စုပေါင်းတပ်နှင့် Saga Nam Hkum တိုက်ပွဲတွင် KIA ၃ ဦး ဒါဏ်ရာရရှိ

ဌာနချုပ် လိုင်ဇာ ပတ်ဝန်းကျင် ရှေ့တန်းတနေရာမှ KIA စစ်သားတဦး။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မဘိန်းမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၁၂) ဒေသ ဆဂနမ်ခွမ် (Saga Nam Hkum) တွင် အစိုးရတပ်ပေါင်းစုများ ဂျေဦး၊ နမ်ခန်ဖက်မှ ထိုးစစ်ဆင် လှုပ်ရှားလာသောကြောင့် ယမန်နေ့ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင် ၃ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆဂနမ်ခွမ် (Saga Nam Hkum) အနီးရောက်ရှိနေသော အစိုးရတပ် စကခ-၂၁ (ဗန်းမော်) လက်အောက် စုပေါင်းတပ်ရင်းမှ အင်အား ၃၀၀ ထက်မနည်းနှင့် KIA တပ်မဟာ (၃) တပ်ရင်း (၁၂) တို့ ပစ်ခတ်တိုက်ခိုက်ခဲ့ချိန် KIA မှ ၃ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူးဗိုလ်မှူးလဘန်ဂျွန်းအောင် (Major Labang Jawn Awng) ပြောသည်။

အစိုးရတပ်ဖက်မှလည်း သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာသူ ၂၀ ယောက်ထက်မနည်းရှိမည်ဟု KIA တပ်ဖက်မှ ခန့်မှန်းပြောဆိုသည်။

အဆိုပါတိုက်ပွဲသည် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှစ်ဖက်သဘောတူညီချက်အရ လမ်းမများပြန်လည် အသုံးပြုသွားလာနိုင်ရေးအတွက် KIA တပ်ဖက်မှ လမ်းမမှ မီတာ ၁၀၀၀ နောက်ဆုတ်ထားသောနေရာသို့ အစိုးရတပ်များထိုးစစ်ဆင်လှုပ်ရှားလာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

"ကျွန်တော်တို့ဖက်က နောက်ဆုတ်ထားတဲ့နေရာမှာ အစိုးရတပ်ဖက်က ၁၀ မိုင် ကျူးကျော် ၀င်ရောက်ပြီး လှုပ်ရှားလာတော့ ဖြစ်ကြတာပေါ့ အစိုးရက ငြိမ်းချမ်းရေးမလိုချင်ဘူးလေ။ ငြိမ်းချမ်းရေးရရင် သူတို့ နေရာမရမှာ စိုးရိမ်တဲ့အတွက် သဘောတူညီချက်တွေကို ဖျက်ဆီးနဲ့သဘောနဲ့ KIA နေရာတွေကို လိုက်လံသိမ်းပိုက်နေတာပါ။ အပစ်မရပ်တာက KIA ပဲဖြစ်နေတော့ နည်းအမျိုးမျိုးနဲ့ ခြောက်လှန့် နေကြတာပါ” ဟု ၄င်းကမြင်သည်။

ယမန်နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ၎င်းအစိုးတပ်ပေါင်းစုသည် နောက်ဆုတ်သွားခြင်းမရှိ လှုပ်ရှားနေဆဲ ဖြစ်သောကြောင့် ယနေ့တွင်လည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သည်ဟု ဆက်ဆိုသည်။

“အခုအနီးကပ်မှာ ရှိနေကြတယ် သူတို့ စကားပြောနေတာတွေကြားရနေရတယ် မတွေ့လို့မပစ်သေးတာ” 

ဂျေးဦး၊ နမ်ခန်၊ မန်တာ၊ မုန်းဒိန်ပါ၊ သံတံတား၊ ဂေါင်ရွန် ရွာများတွင် ပတ်ပတ်လည် အစိုးရ စစ်အင်အားများ ၁၀၀၀ ကျော်လှုပ်ရှားနေကြကြောင်းသိရသည်။

နမ်လင်းပါ (Nam Lim Pa) ရှိ KIA ဒုက္ခသည် စခန်းအနီးတွင် တိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် အနီးရှိဒုက္ခသည် စခန်းများအတွက်  စိုးရိမ်နေရပြီး ဒုက္ခသည်စခန်း ပြန်လည်ပြောင်းရွေ့ရန် အစီအစဉ်များရှိလာနိုင်ကြောင်း ဒုက္ခသည်တာဝန်ရှိသူများပြောသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment