Tuesday, October 22, 2013

KIA နောက်ဆုတ်ထားသော တပ်စခန်းများကို အစိုးရတပ်များနေရာယူ

ကန်ပိုင်တီလမ်းပေါ်မှ အစိုးရ တပ်မ ၃၃ စစ်သားတဦး။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် အစိုးရကိုယ်စားလှယ်များ မြစ်ကြီးနား တွေ့ဆုံ ဆွေးနွေးပွဲနောက်ပိုင်း စစ်ရေးတင်းမာမှုများနှင့်အတူ သဘောတူညီချက်များအရ KIA ဖက်မှ တပ်စခန်းအချို့ နောက်ဆုတ်ထားသည် ကို အစိုးရဖက်မှ သိမ်းပိုက်ထားကြောင်းသိရသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၁၅ အတွင်းတင်းမာမှုများကြောင့် မဘိန်း (Mabein) မြို့နယ် ဂျေဦး(Je U)အနီး နမ့်ခေါမ် (Nam Hawm) ရွာထိပ်တွင် အစိုးရတပ်မ (၉၉) နှင့်KIA တပ်ရင်း(၁၂) ကြား တိုက်ပွဲများဖြစ်ခဲ့ပြီးနောက် စခန်း ၃ခုကို နောက်ဆုတ်လိုက်ရကြောင်း KIA တပ်မဟာ (၃)မှသိရသည်။

ထိုစခန်းများသည် KIA တပ်မဟာ(၃) လက်အောက် တပ်ရင်း(၁၂)နယ်မြေ ရွှေဂူဒေသမှ သံတံတား (Tantada)၊ ဂျေဦး (Je U)နှင့် နမ့်ခန်(Nam Hkan) နေရာများဖြစ်ကြောင်း တပ်မဟာ(၃)မှ အရာရှိကပြောသည်။

“စစ်ပွဲဖြစ်ပြီး ဒီနေရာတွေ အားလုံးမှာ ကျနော်တို့ပြန်လာနေလိုက်တာ အခုသူတို့ဘက်က စစ်အင်အား တွေနဲ့ ပြန်ထိုးလာတော့ ကျနော်တို့ ပြန်နောက် လိုက်ရတယ်။ စစ်ပွဲပြန်မဖြစ်အောင် ဖယ်ပေးလိုက်တာ” ဟု ၄င်းအရာရှိက KNG ကချင်သတင်းဌာန သို့ ပြောသည်။

ထို့ပြင် KIA ဖက်မှ အောက်တိုဘာ ၁၈ ရက်နေ့တွင် နှစ်ဖက်သဘောတူညီချက်အရ လမ်းမများပြန်လည် အသုံးပြုသွားလာနိုင်ရေးအတွက် နမ့်ခမ်းမြို့ ကျောက်ဖြာတွင်ရှိသော KIA တပ်ရင်း (၂၇)နှင့် ကျော်ခေါင်ရှိ တပ်ရင်း (၁) ရှေ့တန်းစခန်း ၂ ခုကို လမ်းမမှ မီတာ ၁၀၀၀ ကျော်အကွာသို့ နောက်ဆုတ်ထားလိုက်ကြောင်း သိရသည်။

သို့သော် ထိုသို့ KIO ဖက်မှ မိမိတပ်များကို နောက်ဆုတ်ထားလိုက်သည့်နေရာများကိုလည်း မြန်မာ အစိုးရတပ်များဝင်ရောက်လာကာ သိမ်းပိုက်မှုများလုပ်နေသည်ဟုဆိုသည်။

ရှမ်းပြည်နယ် ရွှေလီမြစ်အရှေ့ဘက်ရှိ မဘိန်းမြို့နယ် တပ်ရင်း (၁၂) နယ်မြေသည် ကုန်သွယ်ရေးနယ်မြေဖြစ်ပြီး ၎င်းနေရာများသည် ယခင်က အစိုးရတပ်များလှုပ်ရှားသွားလာကာ ခရီးသွားပြည်သူများကို ငွေကြေးကောက်ခံနေသော နေရာလည်း ဖြစ်ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲနောက်ပိုင်းပြန်လည်တင်းမာမှုနှင့် စခန်းနောက်ဆုတ်သည့်ကိစ္စများကို မြစ်ကြီးနားမြို့ KIO Technical Advisory Team အလုပ်အဖွဲ့ရုံးသို့ မေးမြန်းခဲ့ရာ “တပ်နေရာများကို ခေတ္တတိမ်းရှောင်ထားခြင်းလား၊ အစိုးရတပ်များ သိမ်းပိုက်ထားခြင်းလား အတည်မပြုနိုင်သေးကြောင်း” ဆရာဒေါင်ခါးကပြောသည်။

ထို့အတူ၎င်းကိစ္စကို အစိုးရဖက်မှထိုးစစ်ဆင်သိမ်းပိုက်မှုရှိမရှိကို အစိုးရ မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှ ဦးလှမောင်ရွှေအား မေးမြန်းဆက်သွယ်ခဲ့ရာ တုံ့ပြန်ပြောဆိုခြင်းမရှိပဲ ပြန်လည်ဆက်သွယ်မည်ဟုသာ ဖြေဆိုခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ဖက်ဆွေးနွေးမှုများမပြုလုပ်မီအချိန်များနှင့် ဆွေးနွေးပြီးနောက်ပိုင်းတွင် အစိုးရတပ်ဖက်မှ ကချင်ဒေသသို့ စစ်အင်အားတိုးချ လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံမျက်များကပြောဆိုခဲ့သည်။

မေလ ၂၈-၃၀ ရက်နေ့ ဆွေးနွေးပွဲသဘောတူညီချက်တွင် ပဋိပက္ခကြောင့် ပုံမှန်သွားလာနိုင်မှုမရှိသော အများပြည်သူအသုံးပြုသည့်လမ်းများနှင့် အရေးပါသော လမ်းများ၊ ပုံမှန်ပြန်လည်သွားလာနိုင်ရေး နှစ်ဖက်ညှိနှိုင်း၍ အမြန်ဖွင့်လှစ်သွားရန်သဘောတူခဲ့ကြသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment