Saturday, October 26, 2013

လဆန်အောင်ဝါ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်တဦး ဒေသခံလူငယ်တဦးအား သေနတ်ဖြင့်ပစ်ခတ်

သေနတ်ဖြင့် ပစ်ခတ်ခံရသူ အဒူးလေး ဆေးကုသမှုခံယူနေစဉ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခွဲထွက် ဦးလဆန်အောင်ဝါပြည်သူ့တပ်ဖွဲ့ မှသေနတ်ဖြင့် ပစ်ခတ်ထားသောကြောင့် ဆယ်ကျော်သက် လူငယ်တစ်ဦးမှာမြစ်ကြီးနားပြည်သူ့ ဆေးရုံးကြီး အရေးပေါ်လူနာခန်းတွင် အူခွဲစိတ်ကုသမှုခံယူနေရကြောင်း ၄င်း၏မိသားစုဝင်များထံမှ သိရသည်။

သေနတ် ပစ်ခတ်ခံရသောအသက်  (၁၇) နှစ်ရှိလူငယ် ကို အဒူးလေး မှာ လွန်ခဲ့သော အောက်တိုဘာလ (၁၈) ည ၉နာရီခန့်တွင် ၄င်းနေထိုင်ရာဝိုင်းမော်မြို့နယ်၊ မခေါ်ဒီးကျေးရွာသို့အဝင် ဂိတ်စောင့်သော ပြည်သူ့စစ် လဆန်အောင်ဝါ တပ်သားတစ်ဦးမှ အရက်မူးကာ စစ်ဆေးမှုများပြုလုပ်ချိန် လူငယ်လေးအား အမှတ်မထင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုအခင်းဖြစ်ပွားရာနေရာတွင် မခေါ်ဒီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်တဦးလည်း မျက်မြင်ရောက်ရှိနေပြီး၊ မျက်မြင်များက သေနတ်ဖြင့် အမှန်တကယ်ပစ်ခတ်မည်ဟုမထင် ထားခဲ့ကြောင်း သိရသည်။

“ရှေ့ကဖြတ်သွားတဲ့သူနှစ်ဦးကိုလည်း စစ်ဆေးမှုလုပ်တယ်၊ နောက် အဒူးလေးဖြတ်သွားတော့မေးတယ်၊ သူက ဂိတ်စောင့်တဲ့နားလေးအိမ်က ဖြစ်ကြောင်း၊ အဲဒီဂိတ်မှာ ထိုင်ဖို့လိုအပ်တဲ့စားပွဲ၊ ထိုင်ခုံတွေကိုတောင် ကိုယ်တိုင် သူတို့အိမ်ကလာရောက်ချထားပေးတဲ့သူဖြစ်ကြောင်း ပြောဆိုချိန် တပ်သားက မူးမူးနဲ့ဝမ်းပိုက်မှာ သေနတ်နဲ့ချိန်ရွယ်ပြီး အမှတ်မထင် ပစ်ခတ်ခံလိုက်ရတာ” ဟု မျက်မြင်သက်သေ တဦးက ဆိုသည်။

ကျေးရွာကော်မတီဝင်တဦးက “အဲဒီညမှာ မူးယစ်ဆေးဝါး ရောင်းဝယ် သူတွေဖြတ်လာမယ်ဆိုတဲ့ သတင်းကြားလို့ ကျေးရွာလူကြီးတွေပါ အဲဒီဂိတ်မှာ စောင့်နေကြတယ်၊ ညဂိတ်ပိတ်ခါနီးအထိမသိင်္ကာသူတွေကို မစစ်မိသေးဘူး၊ အဲဒီချိန်ဖြတ်လာတဲ့သူတွေအကုန်လုံးကို စစ်ဆေးမှုပြုလုပ်တယ်၊ အမှုဖြစ်သွားတာက တခြားအမှုဖြစ်ခဲ့ရတယ်” ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်စစ်လျဉ်း၍ ရဲတပ်စခန်းသို့တိုင်ကြားထားခြင်းမရှိသေးကြောင်း၊ လဆန်အောင်ဝါပြည်သူ့ စစ်တပ်ဖွဲ့မှ ထိခိုက်သွားသောလူငယ်လေးအား ကျေနပ်မှုရရှိသည်ထိ ဆောင်ရွက်ပေးသွားမည်ဟု ပြောဆို ထားကြောင်းလည်းသိရသည်။

ယခုအချိန် ထိုအမှုနှင့် ပတ်သက်၍ လဆန်အောင်ဝါအဖွဲ့မှ ဒဏ်ရာရရှိသွားသော လူငယ်လေးအား ထောက်ပံ့ငွေ ကျပ် (၁) သိန်းပေးထားပြီး၊ အဒူးလေးတို့မိဘများနှင့် အောက်တိုဘာလ (၂၆) ရက်နေ့ တွင် ညှိနှိုင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိဘများကကျေနပ်မှုမရရှိပါက တာဝန်ရှိ ရဲစခန်းသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာမှ (၁၈)မိုင် အထိ နယ်မြေများအား အစိုးရက လဆန်အောင်ဝါပြည်သူ့ စစ်တပ်ဖွဲ့များကို ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်နေရာပေးထားခြင်း ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု မခေါ်ဒီးကျေးရွာတွင် အိမ်ထောင်စု (၁၃၀) ခန့်ရှိပြီး၊ ယခုသေနတ်ပစ်ခတ်ခံရခြင်းနှင့် ပတ်သက်၍ ဒေသခံများကစိုးရိမ်ပူပန်မှုများ ဖြစ်နေကြာင်း သိရသည်။

ဦးလဆန်အောင်ဝါ တပ်ဖွဲ့များသည်၂၀၀၄ ခုနှစ်မှ KIO မှ ခွဲထွက်ကာ ဂွေထူပါဒေသများတွင် အစိုးရခွင့်ပြုချက်ဖြင့် အခြေချ စီးပွားရေးလုပ်နေခြင်းဖြစ်သည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment