Monday, October 28, 2013

အစိုးရတပ်များ KIA တပ်ရှိရာသို့ စစ်အင်အားများ တိုးချနေ

ကချင်ပြည်နယ် အရှေ့ဘက် ကန်ပိုင်တီလမ်းကြောင်းဘက် ချီတက်ဘာတဲ့ အစိုးရ တပ်မ ၃၃ စစ်သားတဦး။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဦးဆောင်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိပ်သီး ခေါင်းဆောင်များ ဗဟိုဌာနချုပ်လိုင်ဇာမြို့တွင်ဆွေးနွေးပွဲပြုလုပ်ရန် ပြင်ဆင်နေချိန် အစိုးရတပ်ဖက်မှ KIA တပ်များသို့ အသီးသီး စစ်အင်အားများ တိုးချဲ့လျက်ရှိနေကြောင်း သိရသည်။

ဗဟိုဌာနချုပ်လိုင်ဇာရှေ့တန်းစခန်းသို့ အစိုးရတပ်သည် ယမန်နေ့  အောက်တိုဘာ ၂၇ ရက်တွင် ဗန်းမော်ဘက်မှ အင်အား ၂၀၀ ကျော်ရှိသည့် စစ်ကား ၈ စင်းဖြင့် ဒေါ့ဖုန်းယန် (Dawhpungyang) မှ ရှဒန်ပါ (Shadan Pa)-ခယာ (Hka Ya) ရှေ့တန်း စခန်းသို့ အင်အားများတိုးချဲ့ထားကြောင်း KIA ရှေ့တန်းစခန်းမှ ပြောသည်။

ထို့အတူ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) ရှမ်းပြည်ဘက်တွင်လည်း လားရှိုးဘက်မှ စစ်ကား ၆ စင်း အင်အား ၁၅၀ ခန့်သည်အောက်တိုဘာ၂၆ ရက်နေ့တွင် KIA တပ်ရင်း ၈ နယ်မြေ နမ်စလင်နှင့် မန်လွယ်ကြား အင်အားများ တိုးချဲ့ထားကြောင်း တပ်မဟာ (၄) အရာရှိများပြောသည်။

ယမန်နေ့ညတွင်လည်း လားရှိုးမှ စစ်ကား ၆ စင်းသည် KIA တပ်ရင်း (၈) နယ်မြေ သိန္နီတွင် ထပ်မံတိုးချဲ့ ထားကြောင်းသိရသည်။

KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ဆဂနမ်ခွမ် (Saga Nam Hkum) တွင် ထိုးစစ်ဆင်လှုပ်ရှားနေသော အစိုးရတပ် စခက-၂၁ အောက် နည်းဗျူဟာ (၂) စစ်ကြောင်းကို KIA ဖက်မှ ၀ိုင်းထားသောကြောင့် အစိုးရတပ်ဖက်မှ စစ်အင်အားများ ဆက်လက် တိုးချဲ့မည့် အလားအလာရှိနေကြောင်းဆိုသည်။

အဆိုပါတပ်ဖွဲ့မှ ယမန်နေ့ တနင်္ဂနွေ ညနေ ၃ နာရီခန့်တွင် ရိက္ခာပြတ်လပ်၍ လက်နက်မဲ့ ကိုယ်လွှတ် ထွက်ပြေးလာသော တပ်ကြပ် ကိုနူး အား KIA တပ်ရင်း (၁၂) ဖက်မှ ထိမ်းသိမ်းထားကြောင်း KIA တပ်ရင်းမှူး  ဗိုလ်မှူး လဘန်ဂျွန်းအောင် (Major Labang Jawn Awng) KNG ကချင်သတင်းဌာနသို့ ပြောသည်။

“အစိုးရတပ် ဗျူဟာ (၂) ကို ကျနော်တို့ ၀ိုင်းထားတာ ဒီနေ့ဆို ၆ ရက်ရှိသွားပြီ၊ ရိက္ခာတွေ ပြတ်လပ်နေပြီ။ ဒီကနေ့ အစိုးရတပ်က စစ်အင်အားတွေ ထပ်တိုးချဲ့လာနိုင်တယ် နှစ်ဖက်ကနေ ပစ်နေကြတုံးပဲ။ သူတို့ဘက်က ၁ ယောက်ကို မနေ့ညက ဖမ်းမိတယ်”

အစိုးရတပ်များသည် စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ရာ ဗိုလ်ချုပ်ကြီး မြင့်စိုးဦးဆောင်သည့် ဗန်းမော် စကခ-၂၁ မှ နည်းဗျူဟာ (၁) ဗိုလ်မှူး ဦးမင်းနိုင်ဝင်း တပ်ရင်း (ခမရ ၃၈၇၊ ခလရ ၅၇၊ ခမရ ၃၁၉)၊ နည်းဗျူဟာ (၂) ဗိုလ်မှူး ဦးမိုးဇော် တပ်ရင်း (ခမရ ၄၃၈၊ ခမရ ၃၂၀၊ ခလရ ၄၇)နှင့် နည်းဗျူဟာ (၃) ဗိုလ်မှူး ဦးမင်းနိုင် ဦးဆောင်သည့် တပ်ရင်း (ခလရ ၂၃၆၊ ခလရ ၂၂၆၊ ခမရ ၃၀၆) တို့ဖြစ်ပြီး  စစ်အင်အား ၂၀၀၀ ခန့်ဖြင့် လှုပ်ရှားနေခြင်းဖြစ်ကြောင်း သိရသည်။

ဗန်းမော် စကခ-၂၁ ဗျူဟာ (၁) သည် မုန်းဒိန်ပါ၊ မခေါ်ယန်၊ နမ်ဖူ၊ ကောင်ဂျာတွင် လှုပ်ရှားနေပြီး၊ ဗျူဟာ (၃)သည် ဂျေဦး၊ နမ်ခန်၊ ကောင်ရွန်တွင်လှုပ်ရှားကာ နည်းဗျူဟာ (၂) ကို KIA တပ်ရင်း ၁၂ မှ ဆဂနမ်ခွမ် (Saga Nam Hkum) တွင် ၀ိုင်းထားဆဲဖြစ်ကြောင်း KIA ဖက်မှပြောသည်။

ယခုချိန် ဌာနချုပ်လိုင်ဇာမြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံကို ကျင်းပရန်ပြင်ဆင်နေချိန် အစိုးရဖက်မှလည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ရှေ့တန်းနေရာများတွင် စစ်အင်အားများ ဖြည့်နေခြင်းဖြစ်သည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment