Monday, October 28, 2013

KIA နှင့်အစိုးရတပ်များ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေဆဲ

KIA တပ်ဖွဲ့။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မဘိန်းမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၁၂) ဒေသ ဆဂနမ်ခွမ် (Saga Nam Hkum)တွင် အစိုးရ စုပေါင်းတပ်ရင်းနှင့် KIA တပ်ဖွဲ့များကြား ဆက်တိုက် တိုက်ပွဲများဖြစ်ပွားကာ အခြေအနေပို၍ပြင်းထန်လာနိုင်ကြောင်း KIA တပ်ရင်းမှူးဗိုလ်မှူး ဂျွန်းအောင်ပြောသည်။

“ဆဂနမ်ခွမ်မှာဘဲ ဒီနေ့ဆိုရင် ၄ ရက်ရှိသွားပြီ ကျနော်တို့နေရာမှာ ဗျူဟာ ၄၊ ၅ ခုနဲ့ ကျနော်တို့ တပ်ရင်း (၁၂) ကို ဘယ်၊ ညာ ဝိုင်းထားတယ် တပ်ရင်း ၃ ခုက အင်အား ၃၀၀ ကျော် ဗျူဟာမှူး ၁ ယောက်ပါတယ် သူတို့နောက်မဆုတ်မချင်း တိုက်ပွဲတွေက ဆက်ဖြစ်နေမှာဘဲ  ထွက်ပြေးဖို့လည်း နေရာမရှိတော့ဘူး တိုက်ပွဲကြီးတွေဖြစ်လာနိုင်တယ်”

တိုက်ပွဲများသည် အောက်တိုဘာ၂၆  စနေနေ့တွင် နံနက် ၈ နာရီခွဲမှ ၁၂ နာရီအထိ ဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင်လည်း ဆက်တိုက် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထို့အတူ အောက်တိုဘာ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲသည်လည်း နံနက်၁၀ နာရီခွဲမှ ည ၇ နာရီအထိ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း တပ်ရင်းမှူးဗိုလ်မှူးဂျွန်းအောင် KNG ကချင်သတင်းဌာနသို့ ပြောသည်။

အစိုးရတပ် စကခ-၂၁ (ဗန်းမော်) လက်အောက် စုပေါင်းတပ်ရင်း အင်အား ၃၀၀ ကျော်နှင့် လှုပ်ရှားမှုများဆက်လက်ရှိနေသောကြောင့် KIA တပ်ရင်း (၁၂) တွင်ရင်ဆိုင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ဆိုသည်။

ယခုတိုက်ပွဲများတွင် KIA တပ်ရင်း (၁၂) မှ ထိခိုက်သေဆုံးမှုမရှိကြောင်း ပြောဆိုသည်။ သို့သော် အစိုးရတပ်ဖက်မှ သေဆုံး ထိခိုက် ဒဏ်ရာ ရသူများနိုင်သည်ဟု ဆိုသည်။

အဆိုပါ အစိုးရ စုပေါင်းတပ်သည် လမ်းမမှ KIA တပ်ရင်း (၁၂) နယ်အတွင်း ၁၀ မိုင်အထိ ဝင်ရောက်ကျူးကျော်လာကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာရာမှ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရတပ်၏ တပ်ရင်း ၁၀ ကျော် နှင့် စစ်အင်အား ၁၀၀၀ ကျော်သည် KIA  တပ်ရင်း (၁၂) နယ်မြေအတွင်း စစ်အင်အားဖြင့် လှုပ်ရှားနေကြောင်း KIA မှသိရသည်။

ထိုသို့ဖြင့် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သည် မြစ်ကြီးနားတွေ့ဆုံဆွေးနွေးမှုတွင် စစ်ရှိန်လျှော့အပါအ၀င် နှစ်ဘက်လိုက်နာလုပ်ရမည့်ကိစ္စရပ်များကို သဘောတူညီမှုရရှိပြီးနောက် ပြန်လည်တင်းမာလာခြင်းးလည်းဖြစ်သည်။

အစိုးရသည် တိုင်းရင်းသားခေါင်းဆောင်များနှင့် ယခုနှစ်အတွင်း တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲတခု လုပ်ဆောင်နိုင်မည်ဟု မျှော်မှန်းထားချိန် တဖက်တွင် ကချင်နယ်မြေသို့ ၄င်းတို့တပ်ဖွဲ့များလှုပ်ရှားမှုဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment