Thursday, October 3, 2013

အစိုးရတပ်များ ကချင်လွတ်မြောက်ရေးတပ် KIA ရှိရာ နေရာအသီးသီးတွင် စစ်အင်အားတိုးချနေ

မြစ်ကြီးနား-ကန်ပိုင်တီလမ်းပေါ်မှ အစိုးရ တပ်မ ၃၃ စစ်သားတစ်ဦး။

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား အောက်တိုဘာလတွင် တွေ့ဆုံဆွေးနွေး နိုင်ရန် နှစ်ဖက် နည်းပညာအဖွဲ့များ ညှိနှိုင်းဆွေးနွေးနေဆဲချိန် အစိုးရတပ်သည် တပ်အပြောင်း အလဲဖြင့် KIO နယ်မြေ ရှေ့တန်းနေရာများတွင် စစ်အင်အားများတိုးချဲ့နေကြောင်း သိရသည်။

မြန်မာအစိုးရတပ်များသည် စက်တင်ဘာလကုန်ပိုင်းမှ KIA တပ်မဟာ (၃)၊ တပ်မဟာ (၄)၊ တပ်မဟာ (၅) နယ်မြေများတွင် တပ်အပြောင်းအလဲဖြင့် စစ်အင်အားများ တပ်မံတိုးချဲ့နေကြောင်းသိရသည်။

“စစ်အင်အားတွေ ရှမ်းပြည် ဗန်းမော်ဘက်တွေမှာ ဆက်လက်ဖြည့်နေဆဲဟုတ်တယ် ပြီးတော့ လှုပ်ရှားမှုတွေလုပ်နေပြီး အင်အားတွေထပ်ဖြည့်နေတယ်။ စစ်ပွဲက အနည်းအကျဉ်းတော့ ဖြစ်နေဆဲပဲ အရှေ့ဘက် ဗန်းမော်ခရိုင်၊ ပူတာအိုဘက်တွေ မှာဖြစ်တယ်” ဟု KIO ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် KNG ကချင်သတင်းဌာန သို့ပြောသည်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) တပ်ရင်း (၂၇)နှင့် (၁၂) နယ်မြေတွင် အစိုးရတပ် စကခ (၁၆) တပ်ရင်း (၇၇)မှ အင်အား ၃၀၀ ခန့် တိုးချဲ့ထားပြီး ယနေ့နံနက်တွင်လည်း အင်အား ၈၀ ကျော်ခန့်ဖြင့် စစ်ကား ၃ စင်းသည် မူဆယ်၊ နမ့်ခမ်းလမ်းမှ တပ်ရင်း ၂၇ သို့ တိုးချဲ့လာကြောင်း ရှေ့တန်းမှ KIA အရာရှိများပြောသည်။

ထို့ပြင် KIO ဗဟိုဌာနချုပ် တပ်မဟာ (၅) အောက် တပ်ရင်း (၃) ဒေသတွင် အစိုးရတပ် ဒကစ (တနိုင်း) တပ်များသည် မြစ်ကြီးနား-ပန်ဝါ၊ မြစ်ကြီးနား-ကန်ပိုင်တီလမ်းတွင် တိုးချထားကာ လိုင်ဇာ ဗဟိုဌာနချုပ် အနီးတွင်လည်း တပ်အပြောင်းအလဲဖြင့် စစ်အင်အား ၁၀၀ ကျော် လှုပ်ရှားနေကြောင်း တပ်မဟာ (၅)အရာရှိ တဦးဆိုသည်။

ထို့အတူ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေ KIA တပ်ရင်း (၂)၊ (၈)၊ (၃၄)၊ (၃၆) ဒေသများတွင် အစိုးရတပ်သည် လှုပ်ရှားနေဆဲဖြစ်ပြီး ယမန်နေ့တွင်လည်း KIA တပ်ရင်း (၁၂) နယ်မြေသို့ ရွှေဂိုဘက်မှ အစိုးရစစ်အင်အားများ ထပ်မံတိုးချဲ့လာကြောင်း သိရသည်။

နှစ်ဖက်စစ်ရေးအရှိန်လျှော့ရန် စောင့်ကြည့်နေသည့်ကြားက နယ်မြေကျူးကျော်လာပါက တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်ကြောင်း KIA တပ်ခွဲမှူး ဇော်ဆိုင်း ပြောဆိုခဲ့သည်။

ယနေ့နံနက် ၅ နာရီခွဲချိန်တွင်လည်း KIA တပ်ရင်း (၃၄) နယ်မြေ မန်တုံမြို့နယ် မုန်မြစ်တွင် ပလောင်တပ်နှင့် အင်အား ၅၀ ခန့်ရှိသော အစိုးရတပ်များ ၃၀ မိနစ်ကြာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း KIO တပ်မဟာ (၄) အရာရှိ တဦးပြောသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment