Friday, July 8, 2016

စစ်ရေး လှုပ်ရှားလာသော အစိုးရတပ်ကို KIA ခုခံ တိုက်ခိုက်


မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးပေါ် ကန်တော်ယန် ကျေးရွာ (Gang Dau Yang) အနောက်ဘက် ကချင် လွတ်လပ်ရေး တပ်မတော် KIA နယ်မြေ အတွင်း စစ်ရေးလှုပ်ရှားလာသည့် အစိုးရတပ်ကို ဇူလိုင် ၇ ရက်၊ ယမန့်နေ့ မွန်းလွဲပိုင်းက မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

ကန်တော်ယန်ကျေးရွာ (Gang Dau Yang) အနောက် KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း (၂၅၃) ၏ နယ်မြေ ဆိုင်းမိုင်ရွာ (Seng Mai) ဘက်သို့ ဝင်ရောက်လာသည့် အစိုးရတပ် ခလရ (၆၃) တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းများ ဆိုပါသည်။

KIA ၏ မိုင်းဖြင့် တိုက်ခိုက်မှုတွင် အစိုးရစစ်သား (၂) ဦး ကျရှုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KIA က ပြောပါသည်။

ဧပြီလ အမျိုးသား ဒီမိုကရေစီ အစိုးရသစ် တက်လာချိန်မှ တပ်မတော်သည် ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းမနှင့် ဧရာဝတီမြစ် ကြား KIA တပ်ဖွဲ့များ ရှင်းလင်းရေး စစ်ဆင်ရေးကြီးကို စတင် ပြုလုပ်လာခြင်းကြောင့် ယင်းနယ်မြေများတွင် နှစ်ဖက်တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေခြင်း ဖြစ်သည်။


0 comments:

Post a Comment