Tuesday, October 1, 2013

မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းထားသည်ဟု ဆိုသော်လည်း ဒေသခံများစိုးရိမ်နေရဆဲ

သီတာရပ်ကွက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှာ ကျင်းပတဲ့ ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းထားတဲ့ ၂ နှစ်ပြည့် အခမ်းအနား

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းအား အစိုးရမှ တရားဝင်ရပ်ဆိုင်းထားသောကာလ ၂ နှစ် ပြည့်နေသော်လည်း တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI)မှ လှုပ်ရှားမှုများ ရပ်သွားခြင်းမရှိသေးကြောင်း မြစ်ဆုံစီမံကိန်းကျေးရွာနယ်မြေ ဒေသခံများကပြောသည်။

၎င်းကုမ္ပဏီမှကားများသည် မြစ်ဆုံစီိမံကိန်းရှိရာ ဒေသများသို့ မကြာခဏသွားရောက် ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ကာ၊ ဒေသခံများအားစည်းရုံးမှုများလည်းရှိနေကြောင်း ပြောနေခြင်းဖြစ်ကြောင်းသိရသည်။

“စက်တင်ဘာအတွင်းမှာ ၄ ကြိမ်လောက်ကိုသွားတယ်၊ များချင်များမယ်၊ မြင်သလောက်ပဲပေါ့ သူတို့ဒီလိုသွား နေတာ တွေ့တော့ စိတ်မချမ်းသာဘူး၊ အလုပ်လည်းကောင်းကောင်းမလုပ်နိုင်ဘူး၊ သူတို့ကစီမံကိန်းပြန်စမလာမလားစိတ်နဲ့ ကျွန်တော်တို့ ဒေသခံတွေကဘာမသိညာမသိနဲ့ ပြန်ပြီးခံနေရမှာစိုးတယ် ပြီးတော့ အောင်မြင်သာရပ်ကွက်သစ်မှာနေတဲ့ ဒေသခံတွေကိုလည်း သူတို့ရဲ့မြေ၊ လယ်ယာတွေကိုရောင်းဖို့စည်းရုံးမှုတွေလည်းလုပ်နေကြားတယ်” ဟု အသင်းတော် ဆရာလဒွဲ ကပြောသည်။

အဆိုပါတရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI)မှ ၄င်းတို့ စီမံကိန်းရှိရာသို့ သွားလာလှုပ်ရှားမှုနှင့်ပတ်သက်၍ စိုးရိမ်သည့်အခြေအနေမရှိကြောင်း ကချင်ပြည်နယ်လူမှုဝန်ကြီး ဒေါ်ဘောက်ဂျာက ယခုလို ပြောသည်။

“ကချင်ပြည်နယ်ဝန်ကြီးတွေအနေနဲ့ မြစ်ဆုံစီမံကိန်းကို အလေးထားဆောင်ရွက်တဲ့ကိစ္စဖြစ်တယ် ပြီးခဲ့တဲ့လအတွင်း သွားလာနေတယ်ဆိုတာကသူတို့တွေရဲ့ကျန်ရှိနေသေးတဲ့ စက်ယန္တရားတွေ၊ ပစ္စည်းတွေကိုသွားရောက် ကြည့်ရှု နေတာဖြစ်ပြီး၊ အဲဒီအပေါ်ဒေသခံတွေ အမြင်မမှားဖို့မှာကြားချင်တယ်၊ စိတ်ပူပန်စရာမလိုဘူး” ဟု ဆိုသည်။

ထို့ပြင် ကချင်ပြည်နယ်ဝန်ကြီး ကယ်ဆယ်ရေးအဖွဲ့မှ ဒုက္ခသည်များစခန်းသို့ သွားရောက်ကူညီရင်း စီမံကိန်းနေရာသို့ ဝင်ရောက်ကြည့်ရှုမှုသာဖြစ်ကြောင်း ပြောသည်။

ထိုသို့ဆိုသော်လည်း ဒေသခံများသည် ၄င်းတို့လှုပ်ရှားမှုများနှင့် ပြောဆိုစည်းရုံးမှုများကြောင့် စီမံကိန်းဆက်လက် အကောင်ထည်ဖော်မည်ကို စိုးရိမ်ပူပန်နေကြောင်း ဒေသခံများမှသိရသည်။

ယမန်နေ့ စက်တင်ဘာလ (၃၀) ရက်နေ့က ကချင်ပြည်နယ်မြစ်ကြီးနားမြို့ သီတာ (အင်ဂျန်းကောင်) ရပ်ကွက်တွင်ကျင်းပသော မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းရေး (၂) နှစ်ပြည့်အခမ်းအနားတွင်လည်း မြစ်ဆုံရေကာတာ စီမံကိန်းတားမြစ်ရေးလက်မှတ်အား တက်ရောက်သည့်ပြည်သူအယောက် (၃၀၀) ကျော်က ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းရေး (၂) နှစ်ပြည့်အခမ်းအနားတွင် ဘာသာပေါင်းစုံမှ ဆရာကြီးများ၊ ဒေသတွင်းရှိပါတီ ပေါင်းစုံမှတာဝန်ရှိသူများ၊ ရိုးရာနှင့်စာပေယဉ်ကျေးမှု ကော်မတီများ၊ လူငယ်များနှင့် ကချင်ပြည်နယ်ရှိ မူဆလင်၊ ဂေါ်ရခါး၊ ပန်ချာလူမျိုးများပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment