Wednesday, October 16, 2013

NDF ဒေါ်ဘောက်ဂျာအမှု အကြိမ်ကြိမ်ရုံးထုတ်စစ်ဆေး

ဖါးကန့်မြို့နယ် တရားရုံသို့ အမှုစစ်ဆေးခံရန် ရောက်နေတဲ့ NDF ပါတီရဲ့ ကချင်ပြည်နယ် ခေါင်းဆောင် ဒေါ်ဘောက်ဂျာ (လယ်)။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရဲစခန်းတွင် အမှု ၃ မူဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာကို ယခုလအထိ သက်သေများအား အကြိမ်ကြိမ်ရုံး ထုတ်စစ်ဆေးနေဆဲဖြစ်ကြောင်း NDF  ဒု-ဥက္ကဌ ဦးသန်းဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“ရုံးချိန်းကတော့ ၂၀ ကြိမ်လောက်တော့ရှိပြီ။ အမှုတွဲတွေအားလုံး မပြီးဆုံးသေးဘူး၊ ပြီးဆုံးသွားတဲ့အခါမှ ဥပဒေတိုင်း စီရင်ချက်ချမှာ ဖြစ်တယ်။ ပုဒ်မ ၃ ခုရှိတယ် ပုဒ်မ ၁ ခု ၁ ခုကို တရားလိုပြ သက်သေ ၇ ယောက် ၈ ယောက်ရှိတယ်၊ ပုဒ်မ ၃ ခုစလုံးရဲ့ သက်သေ အားလုံးစစ်ဆေးပြီးတဲ့အချိန်ကျမှ ဒေါ်ဘောက်ဂျာကို စီရင်ချက်ချမှာ ဖြစ်ပါတယ်”  

ထို့ပြင် ဒေါ်ဘောက်ဂျာ၏အမှုနှင့်ပတ်သက်၍ လတ်တလော ဆွေးနွေးပွဲအတွင်း အစိုးရဖက် အရာရှိများရောက်ရှိချိန် ဥပဒေအရာရှိများကိုသွားရောက်တွေ့ဆုံကာ ပြည်နယ်မှ မြို့နယ်ကို တိုက်ရိုက် ကိုင်သွယ်ရန် လွှဲချခဲ့ကြောင်းလည်းသိရသည်။

“စီရင်ချက် ချဖို့တော့ ၂ ပတ် ၃ ပတ်လောက် ရုံးချိန်းကတော့လိုအုံးမလားပေါ့။ ကျနော်တို့က လွှတ်မယ်လို့တော့ မျှော်လင့်တာပေါ့။ ဒါမဲ့ မပြောတတ်ဘူး။ အပြင်လူတွေသွားရောက်တွေ့ဆုံ စကားပြောလို့ရတယ်။ ကျန်းမာရေး အခြေအနေကလည်း ကောင်းပါတယ်” ဟု NDF ပြည်နယ် စည်းကော်မတီ အတွင်းရေးမှူး ဦးမြတ်မိုးမြင့် KNG ကချင်သတင်းဌာန သို့ပြောသည်။

အောက်တိုဘာ ၈၊ ၉၊ ၁၀ အတွင်းပြုလုပ်ခဲ့သော မြစ်ကြီးနားဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များမှ NDF ပါတီ ဒု-ဥက္ကဌ ဦးသန်းဦးအဖွဲ့နှင့် ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီးဦးအုန်းမြင့်တို့ ပြည်နယ် ဥပဒေအရာရှိများနှင့် သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖားကန့်မြို့နယ် တရားရုံးက ဒေါ်ဘောက်ဂျာအား လူသေမှု ပုဒ်မ ၃၀၄ (က)၊ ဆေးထိုးအပ်ကိုင်သည့် အမှု ပုဒ်မ ၃၃ နှင့် မြန်မာနိုင်ငံ ဆေးဝါးအပ်ဥပဒေ အထူးပုဒ်မ ၄၁ ကို တရားလို ရဲအုပ်ကျော်မြဝင်းက အမှုစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်ဘောက်ဂျာကို ဇူလိုင်လ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့နေအိမ်မှဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဖားကန့်ရဲ စခန်းတွင်ယခုချိန်ထိ ထိန်းသိမ်းထားခြင်းဖြစ်သည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment