Wednesday, October 2, 2013

ဇိုင်းအောင်စခန်းရှိ ဒုက္ခသည် အယောက် ၂၀၀ ခန့်တွင် နှာစေး၊ချောင်းဆိုးဖြစ်ပွားနေ

ဇိုင်းအောင် (မုန်ဂါဇွပ်) ဒုက္ခသည်စခန်း ဆေးရုံ။


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ် ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် လူကြီးလူငယ် အယောက် ၂၀၀ ခန့်တွင် အအေးမိ နှာစေး၊ ချောင်းဆိုး ရောဂါဖြစ်ပွားနေပြီး ဆေးဝါးများအရေး ပေါ်လိုအပ်နေကြောင်း သိရသည်။

စက်တင်ဘာလကုန်ပိုင်းမှ စ၍ဖြစ်ပွားနေခြင်းဖြစ်ပြီး လူနာများနေ့စဉ်မပျက် ဆေးခန်းသို့ ရောက်ရှိ လာကာ ယခုချိန် ၎င်းတို့အား ကုသပေးရန်ဆေးဝါးများ ပြတ်လပ်နေသည်ဟု ဇိုင်းအောင် (Zai Awng) ဒုက္ခသည် တာဝန်ခံ ဆရာ ဘရန်ဆန် KNG ကချင်သတင်းဌာန သို့ပြောသည်။

“အသက်အရွယ်မရွေး တချိန်ထဲဖြစ်လာတာ ချောင်းဆိုး၊ ရင်ကျပ်၊ ကိုယ်ပူပြီး ချောင်းဆိုးတာလည်း မရပ်မနားဘဲ မိသားစုလိုက်ကိုဖြစ်နေတာ၊ ရှိတဲ့ဆေးတွေလည်း အားလုံးကုန်ပြီ မနှစ်ကလည်းဖြစ်တယ် ဒါမဲ့ ဒီလောက်ထိမဖြစ်ဘူး”

၁ နှစ်အောက် ကလေးငယ်များတွင် အများဆုံးချောင်းဆိုး ရင်ကျပ် အဖျားတက်ခြင်း အများဆုံး ဖြစ်ပွားနေပြီး ခက်ခဲရင်ဆိုင်နေရကြောင်းသိရသည်။ ဆေးဝါးများလုံလောက်မှုမရှိဖြစ်နေချိန် ဖျားနာသူများသည် မိသားစုလိုက် ကူးစက်ပြန့်ပွားလာခြင်းကြောင့် ကျန်းမာရေးအဖွဲ့မှ စိုးရိမ်နေကြသည်။

“ဖျားနေတဲ့အခြေအနေက ကလေး လူကြီးမရွေးအားလုံးမှာ အတူတူပဲ ဖြစ်နေတယ်။ နှာခေါင်းပိတ်တယ် နှာရည်ယိုတယ် အဖျားတက်တာမကျနိုင်ဘူး။ ဆေးခန်းသွားရင်လည်း လူနာများသလောက် ဆေးကမလောက်ဘူးဆိုတော့ အရမ်းခက်ခဲနေတယ်” ဟု ဇိုင်းအောင်ဒုက္ခသည်စခန်းတွင်ကူညီပေးနေသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဆရာ လနူး ပြောသည်။

ရာသီဥတုပြောင်းလဲလာခြင်းနှင့် မသန့်ရှင်းသောရေများကြောင့် ဖြစ်ပွားရာမှ ယခုနှစ်တွင် ဆေးဝါးလည်း လုံလောက်မှုမရှိခြင်းတို့ကြောင့် ယခင်နှစ်များထက် ပိုမိုကူးစက်ပြန့်ပွား လာခြင်းဖြစ်သည်ဟု ဒုက္ခသည်စခန်းတာဝန်ရှိသူများပြောသည်။

မုန်ဂါဇွပ် (Mung Ga Zup) ဟူ၍လည်းခေါ်ဆိုသော ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကျန်းမာရေးဌာနနှင့် တရုတ်ပြည် ယူနန်ပြည်နယ် ယင်ဂျန်းအသင်းတော်များက ဆေးဝါးများကူညီပေးနေခြင်းဖြစ်ပြီး ဆက်လက်၍ ကူညီပေးရန်ရှိသောကြောင့် စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်အများဆုံးနေထိုင်သော ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် အိမ်ခြေ ၆၄၀ ရှိပြီး လူဦးရေ ၂၄၃၀ ရှိကြောင်း သိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment