Tuesday, October 1, 2013

အင်ခါးဂါးကျေးရွာသို့ ကူညီခွင့် ရသော်လည်း လုံခြုံရေး တင်းကြပ်ထားဆဲ

ပူတာအို ခရိုင်မှ မြန်မာအစိုးရတပ်များ။

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အင်ခါးဂါးကျေးရွာတွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက် ရေးတပ်ဖွဲ့ (KIA)ကြားတင်းမာမှုဖြစ်ပွားခဲ့ပြီးနောက် ကူညီမှုများလိုအပ်နေသော ရွာသားများကို ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC မှ လုံခြုံရေးတင်းကြပ်ထားသည့်ကြားက အစိုးရခွင့်ပြုချက်ဖြင့်  စက်တင်ဘာ ၂၆-၂၈ ရက်အတွင်း ပထမဦးဆုံးအကြိမ်သွားရောက်ကူညီခွင့်ရခဲ့ကြောင်း KBC မှသိရသည်။

လက်ရှိ အိမ်ခြေ ၁၉၊ လူဦးရေ ၅၃ ယောက်နေထိုင်လျက်ရှိသော အင်ခါးဂါးရွာသားများသည် အစိုးရစစ်သားများ လုံခြုံမှုယူထားသည့် အောက်တွင် နေထိုင်ရပြီး တောင်ယာနှင့် တခြားခရီးသွားလာခွင့်များ ပိတ်ပင်ခံထားရကာ စိုးရိမ်ကြောက်လန့်မှုများနှင့် နေထိုင်ရပြီးယခုချိန် ဖျားနာနေသူများ ၁၄ ယောက်ကို တွေ့ဆုံခဲ့သော်လည်း ၄င်းတို့ကို ပူတာအိုသို့ ခေါ်ယူဆေးကုသရန် ခွင့် မရခဲ့ကြောင်း သိရသည်။

အဆိုပါ စားနှပ်ရိက္ခာနှင့်ကျမ်းမာရေးအကူအညီများပြတ်လပ်နေသော အင်ခါးဂါးရွာသားများကို ကချင်ပြည်နယ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်ကူညီပေးသော ဆန်၂၀ အိတ်နှင့်အတူ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC မှ စောင်၊ ခြင်ထောင်နှင့်စားနှပ်ရိက္ခာများကို ကူညီပေးခဲ့ကြောင်း KBC ဒုက္ခသည်ကူညီရေး အဖွဲ့ခေါင်းဆောင် ဆရာလမာယော် KNG ကချင်သတင်းဌာန သို့ပြောသည်။

“စက်လှေနဲ့ဘဲသွားတာ ရေလမ်းကအရမ်းကြမ်းတယ် အင်ခါးဂါးရောက်တာနဲ့ ခလရ ၁၃၇ ဒု-တပ်ရင်းမှူးနဲ့ (၁၃၈) တပ်ရင်းမှူး တပ်သားများနဲ့ ကျနော်တို့ကို လာကြိုတယ်။ ကျနော်တို့ယူလာတဲ့ ကူညီပစ္စည်းတွေနဲ့ ရဝမ်စာပေယဉ်ကျေးမှုအဖွဲ့ကနေယူလာတဲ့ ကူညီရေးပစ္စည်းအားလုံး၊ တိုင်းမှူးကူညီတဲ့ ဆန်အိတ် ၂၀ ကို လှူဒါန်းတဲ့ ပွဲပြုလုပ်ပြီးတော့ပေးအပ်ခဲ့တယ် ကျနော်တို့ KBC လည်း အဲဒီအစီအစဉ်မှာ ပါခဲ့တယ်”

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဆရာ/မ များသည် အင်ခါးဂါးသို့ စက်တင်ဘာလ ၂၆ နေ့တွင် ရောက်ရှိခဲ့ပြီး ၂၇ ရက်နေ့အတွင်းသာ ကူညီမှုများဝေပေးခဲ့ခြင်းဖြစ်ပြီး ၂၈ ရက်နေ့တွင် ပြန်လာခဲ့သည်ဟု သိရသည်။

“ကျနော်တို့က သူတို့ခွင့်ပြုရင်တော့ အားလုံးကိုပြောင်းရွှေ့လိုက်ချင်တယ် အခုရွာသားတွေကို မသွားခိုင်းဘူး ရွာပြင်မပြောနဲ့ အိမ်သာသွားဖို့တောင်ခက်တဲ့အဆင့်ရှိတယ်”

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှသွားရောက်ခဲ့သော အဖွဲ့တွင် ဆရာ ခါးထုံ၊ စစ်ပြေးဒုက္ခသည် တာဝန်ခံ ဆရာလာခါး၊ ဆရာလမာယော်နှင့် ပူတာအို နှစ်ခြင်းခရစ်ယာန်အထွေထွေအတွင်းရေးမှူး ဆရာဇော်တောင်၊ နောင်ခိုင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဆရာ ဖုန်ဆားရ်၊ သိက္ခာတော်ရဆရာစမိုင်းမင်ဂမ်၊ ဆရာမဂျာအောင်နှင့် စက်လှေမောင်းသူ ၂ ဦး စုစုပေါင်း ၉ ဦးသွားရောက် ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်ခါးဂါးကျေးရွာတွင် ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းတွင် ဦးတန်ဂူးတန်ရ၀မ်ပြည်သူ့စစ်တပ်ဖွဲ့ နှင့် အစိုးရပူး ပေါင်းတပ်များသည် KIAတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားလာသောကြောင့် ဒေသခံများသည် လုံခြုံရာသီးအသီးကို ထွက်ပြေး တိမ်းရှောင်ခဲ့ချိန်အချို့သည်အစိုးရတပ်မှ ဖမ်းဆီးစစ်ဆေးခဲ့ရပြီး ဒေသခံ ၂ ဦး ကိုလည်း KIA တပ်သားစွပ်စွဲသတ်ဖြတ်ခဲ့ကြောင်း ပူတာအိုဒေသခံများမှသိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့ချိန်တွင်း ပြည်သူ့စစ်တပ်သားသည် ရွာသား ၇ ဦးနှင့် အင်ခါးဂါးကျေးရွာ သိက္ခာတော်ရဆရာ ရမ်မိုင်ကိုလည်း ၄ ရက်ကြာ ကြိုးတုတ် ညှင်းပန်းနှိပ်စက် စစ်ဆေးခဲ့သေးသည်။ ထိုသို့ KIA နှင့်ပတ်သက်မှုရှိမရှိ စစ်ဆေးခဲ့ချိန်တွင် ထူးခြားသောလက်ဝါးကပ်တိုင် နိမိတ်လက္ခဏာတွေ့ရှိခဲ့ခြင်းကြောင့် ၄င်းတို့လွှတ်ပေးခဲ့ပြီး အသက်ချမ်းသာရာရခဲ့ခြင်းဖြစ်သည်ဟုလည်း သွားရောက်ခဲ့သောဆရာများမှသိရသည်။

ယခုချိန် လူဦးရေ ၂၁ ဦးခန့် ခိုလုံနေသော နောင်ခိုင် စစ်ပြေးဒုက္ခသည်စခန်းတွင် အင်ခါးဂါးအထက် အင်ခီယန်ရွာမှ ၂၁ ဦးထပ်မံထွက်ပြေးတိမ်းရှောင်လာပြီး ၎င်းစစ်ပြေးဒုက္ခသည်များကို နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC မှဆက်လက်ကူညီပေးနေကြောင်းသိရသည်။

အင်ခါးဂါးကျေးရွာနှင့်တ၀ိုက်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA လှုပ်ရှားနယ်မြေများ ဖြစ်သော်လည်း အစိုးရအကျိုးတူ ဦးတေဇ ပိုင် ရွှေတူးဖော်ရေး လုပ်ကွက်နေရာနေရာလည်းဖြစ်ကြောင်း ပူတာအိုဒေသခံများမှသိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment